CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ အဲရစ်တန်ဟတ်ကို လာမယ့်ရာသီမှာ အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိမှာကို အတည်မပြုရသေးပေမယ့် အဲရစ်တန်ဟတ်ကတော့ ဒါကို ဂရုမစိုက်ဘူးလို့ ပြောခဲ့ ပါတယ်။

အဲရစ်တန်ဟတ်က “စာချုပ်က ရှိနေသေးတဲ့အတွက် အနာဂတ်နဲ့ပတ်သက်ပြီး ကျနော် ဂရုမစိုက်ပါဘူး။ ကျနော် ဟာ ဒီလုပ်ငန်းစဉ်မှာ ပါဝင်နေတာကြောင့် ဒါကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါကြောင့် ကျနော့် ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကျနော် ဂရုမစိုက်ပါဘူး။ ကျနော်ဟာ ဆာဂျင်ရက်ကလစ်ဖ် အပါအဝင် ဒီအစုအဖွဲ့မှာ ပါဝင်တဲ့သူတွေနဲ့ ဆွေးနွေးမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ ကျနော်ဟာ ခိုင်မာတဲ့ယုံကြည်မှုရှိပြီး သူတို့က လည်း ကျနော့်ကို ယုံကြည်တယ်လို့ ခံစားရကြောင်း” ပြောကြားခဲ့ပါတယ်။

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ရှိနေပေမယ့် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ်အဆင့် ၆ နေရာအထိ ရောက်ရှိသွားပြီးနောက် သူ့ရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကတော့ ဒါဟာ သူ့အတွက် ပြဿနာ မဟုတ်ကြောင်းနဲ့ သူဟာ အသင်းအတွက် မှန်ကန်တဲ့သူ ဖြစ်တယ်ဆိုတာ ဆာဂျင်ရက်ကလစ်ဖ်တို့က ယုံကြည်တယ်လို့ ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်နဲ့ ဆာဂျင်ရက်ကလစ်ဖ်ကိုတွေ့ရစဉ်

ဗြိတိန်ဘီလျံနာဟာ ယူနိုက်တက်အသင်းကို အပြောင်းအလဲတွေ အများအပြားပြုလုပ်ဖို့ စီစဉ်နေပြီး မန်စီးတီး အသင်းက အိုမာဘာရာဒါကို ကလပ်ရဲ့ CEO အသစ်အဖြစ် ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ 

ဒါအပြင် နယူးကာဆယ်အသင်း အားကစားဒါရိုက်တာ အက်ရှ်ဝ့ါတ်ကို ခေါ်ယူဖို့ ချဉ်းကပ်နေပြီး ဆောက်သမ်တန် အသင်းက ဝေလ်ကော့ဇ်ကိုလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ အဖွဲ့အစည်းဟာ အဲရစ်တန်ဟတ်ရဲ့ နည်းပြရာထူးကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

အဲရစ်တန်ဟတ်က “ကျနော်ဟာ ပွဲတိုင်းကို အနိုင်ယူချင်ပြီး ဘာတွေ လုပ်ချင်လဲဆိုတာ သိပါတယ်။ ကျနော်ပြောခဲ့ သလိုပါပဲ ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ပြီးပါပြီ။ အနာဂတ်ကိုလည်း အတူတူ ဆွေးနွေးခဲ့ပါတယ်။ ကျနော်ဟာ အချက်နှစ်ချက်ကို အာရုံစိုက်ထားပါတယ်။ ဒီအခိုက်အတန့်နဲ့ လာမယ့်ပွဲတွေမှာ အသင်းကို တိုးတက်စေဖို့နဲ့ အနာဂတ်ကို တွေးပြီး အတူလက်တွဲလုပ်ဆောင်ဖို့ပါ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းမှာ FA ဖလား ပဉ္စမအဆင့် ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN