CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

မန်စီးတီးနဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း အဂွေရိုဟာ အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တီ အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းခဲ့ပါတယ်။

အဂွေရိုက “ဒါတွေက အလိမ်အညာတွေပါ။ ကျနော် အင်ဒီပန်ဒီယန်တီအသင်းနဲ့ လေ့ကျင့်မှာ မဟုတ်ပါဘူး။ နှလုံး အထူးကုဆရာကြီးက ကျနော် နေကောင်းနေပြီလို့ ပြောခဲ့သလို ကျန်းမာရေးကောင်းဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ပထမတန်းအဆင့်ရှိတဲ့ အသင်းတွေမှာ လေ့ကျင့်မှု ပြန်လည်ပြုလုပ်ဖို့ အတွက်ဆိုရင် စမ်းသပ်မှုတွေ အများကြီးလုပ်ရဦးမှာပါ”လို့ ပြောခဲ့တာပါ။

အာဂျင်တီးနား ကစားသမားဟောင်းဟာ ဘာစီလိုနာအသင်းမှာ ကစားချိန် နှလုံးရောဂါ ခံစားခဲ့ရတာကြောင့် အသက် ၃၃ နှစ်အရွယ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် အဂွေရိုဟာ အင်ဒီပန်ဒီယန်တီအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တာ ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ အသလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ 

အဂွေရိုဟာ မကြာသေးခင်က သူ့ရဲ့ Twitch မှာ အင်ဒီပန်ဒီယန်တီ အသင်းနည်းပြ ကားလို့စ်တီဗက်ဇ်က သူ့ကို ခေါ်ခဲ့ရင် သူ့ရဲ့နှလုံး အထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ရမယ်လို့ ပြောခဲ့ပါတယ်။

 အဂွေရိုကို တွေ့ရစဉ်

အဲဒါကြောင့် ကားလို့စ်တီဗက်ဇ်က အဂွေရိုအသင်းထံ လာရင်ကြိုဆိုသွားမယ်လို့ ပြန်တုန့်ပြန်ခဲ့တာပါ။ 

ဒါပေမယ့် အဂွေရိုကတော့ သူအနားယူတာကနေ ပြန်လာပြီး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

အဂွေရိုဟာ အင်ဒီပန်ဒီယန်တီအသင်းမှာ အောင်မြင်မှု မရခဲ့ပေမယ့် အသလက်တီကိုနဲ့ မန်စီးတီးအသင်းတွေမှာ ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။

အဂွေရိုဟာ အသလက်တီကို အသင်းနဲ့အတူ ယူရိုပါလိဂ်၊ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ကာရာဘောင်းဖလား ၆ ကြိမ်၊ FA ဖလား ၁ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ အဂွေရိုဟာ အာဂျင်တီးနားအသင်းအတွက် ၁၀၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၁ ဂိုးသွင်းယူကာ ကိုပါအမေရိကဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN