CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၇

မော်ရိုကိုကွင်းလယ်လူ အမ်ရာဘတ်ဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိချင်တာကြောင့် လာမယ့် ရက်သတ္တပတ်အတွင်းမှာ အနာဂတ်နဲ့ပတ်သက်ပြီး ကလပ်အသင်းနဲ့ စကားပြောသွားမယ်လို့ ပြောခဲ့ပါတယ်။

အမ်ရာဘတ်က “ကျနော်တို့ စကားပြောဆိုမှုတွေပြုလုပ်ရမှာဖြစ်ပြီး ဒီမှာဆက်ရှိဖို့က သေချာပေါက် ရွေးချယ်စရာ တစ်ခုပါ။ ကျနော်တို့အတွက် အလွန်ခက်ခဲတဲ့ ရာသီဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်အသင်းဖြစ်လို့ ဒီအသင်းအတွက် ဘယ်သူက မကစားပေးချင်မှာလဲ။ ကျနော်တို့ စကား ပြောဆိုမှုတွေပြုလုပ်သွားပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမယ်”လို့ Ziggo Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဖီအိုရင်တီးနားအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အမ်ရာဘတ်ဟာ ကွင်းလယ်ခံစစ် ကစားသမား ဖြစ်ပေမယ့် ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာအခက်အခဲတွေကြောင့် ဘယ်နောက်ခံလူအဖြစ် ပွဲအချို့ကစားခဲ့ရပြီး ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် အမ်ရာဘတ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်တွေအပြင် FA ဖလားဗိုလ်လုပွဲမှာ သူကစားနေကျနေရာ ကစားခဲ့ရပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

အဲဒါကြောင့် အမ်ရာဘတ်ဟာ အသင်းရဲ့ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်အပါအဝင် အများအပြားရဲ့ ချီးကျူးမှု တွေကို ရရှိခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အမ်ရာဘတ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ အငှားစာချုပ် ကုန်ဆုံးမယ့် နွေရာသီမှာ ပေါင် ၂၁ သန်းနဲ့ ဖီအိုရင်တီးနားအသင်းကနေ အပြီးသတ်ဝယ်ယူခွင့်ရှိနေတာပါ။ 

မန်ချက် စတာကလပ်ဟာ အပြီးသတ်ဝယ်ယူဖွယ်မရှိဘူးလို့ သတင်းတွေထွက်နေပေမယ့် အမ်ရာဘတ်ကတော့ အသင်းမှာ ဆက်ပြီး ရှိချင်တယ်လို့ ပြောခဲ့ပါတယ်။

အမ်ရာဘတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Metro