CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃၀

ဥရောပတတိယတန်းစား ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ အိုလံပီယာကို့စ်အသင်းဟာ ဖီအိုရင်တီးနားအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

ဂရိမြေမှာကစားခဲ့တဲ့ ဒီပွဲမှာ ပွဲချိန်မိနစ် ၉၀ ပြည့်တဲ့အထိ ဂိုးမရှိ သရေကျနေတာကြောင့် အချိန်ပို ဆက်ကစားခဲ့ ရပြီး အချိန်ပို ၁၁၆ မိနစ်မှာ အယ်လ်ကာဘီက အိုလံပီယာကို့စ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။ 

အဲဒါကြောင့် အိုလံပီယာကို့စ်အသင်းဟာ ဖီအိုရင်တီးနားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ယူရိုပါကွန်းဖရန့်လိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုလံပီယာကို့စ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလား ရယူနိုင်ခဲ့သလို ဥရောပဖလား ရယူနိုင်တဲ့ ပထမဆုံး ဂရိကလပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

ဖီအိုရင်တီးနားအသင်းကတော့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ၂ နှစ်ဆက်တိုက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အီတလီကလပ်ဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ ဝက်စ်ဟမ်းအသင်းကို မိနစ် ၉၀ မှာပေးခဲ့ရတဲ့ ဂိုးကြောင့် အရေးနိမ့် ခဲ့ပြီး အခုလည်း အချိန်ပိုပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ်အလိုမှာ ပေးခဲ့ရတဲ့ ဂိုးကြောင့် အရေးနိမ့်ခဲ့တာပါ။ 

အိုလံပီယာကို့စ်အသင်းကို တွေ့ရစဉ်

ဖီအိုရင်တီးနားအသင်းနည်းပြ အီတလီယာနိုက ဒုတိယမြောက်စိတ်ပျက် စရာဖြစ်ခဲ့ပြီး သူ့ရဲ့ကစားသမားတွေ ငိုကြွေးတာကို မြင်တွေ့ရတာ နာကျင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂရိဝန်ကြီးချုပ် မစ်ဆိုတာကစ်က ယူရိုပါကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့တဲ့ အိုလံပီယာကို့စ်အသင်းကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး ကလပ်အသင်းအတွက် သာမကဘဲ ဂရိဘောလုံးလောက တစ်ခုလုံးအတွက် စိတ်လှုပ်ရှားကောင်းတဲ့ ညလို့ ပြောကြားခဲ့ပါတယ်။ 

အိုလံပီယာကို့စ်အသင်းနည်းပြ မန်ဒီလီဘာဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပြီး ဒီနှစ်မှာ ဂရိကလပ်နဲ့ ယူရိုပါကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ဒီလီဘာက “အရင်က ကလပ်အသင်း မရယူနိုင်ခဲ့တဲ့ အောင်မြင်မှုကို ရယူပေးနိုင်တဲ့အတွက် ကျနော်အလွန် ပျော်ရွှင်ပါတယ်။ ကျနော်တို့ အောင်ပွဲခံမှုတွေ ပြုလုပ်ပြီးရင် နောက်လာမယ့် အရာတွေအတွက် အလုပ်ပြန်ပြီး လုပ်သွားရမှာပါ”လို့ ပြောပါတယ်။

အိုလံပီယာကို့စ်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့အတွက် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဖီအိုရင်တီးနားအသင်းဟာ စီးရီးအေ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့တာကြောင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ထပ်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:ESPN