CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၉

ရီးရယ်လ်အသင်းကို ၃၆ ကြိမ်မြောက် လာလီဂါဖလားရရှိအောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ၂၀၂၃-၂၄ ရာသီ စပိန်လာလီဂါ အကောင်းဆုံး ကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

ပရိသတ်တွေ၊ အသင်းခေါင်းဆောင်တွေနဲ့ ပညာရှင်တွေက မဲပေးရွေးချယ်ခဲ့တဲ့ ဒီဆုကို ဘယ်လင်ဂမ်ဟာ အသင်းဖော် ဗီနီစီးယက်စ်၊ အသလက်တီကိုအသင်းက ဂရစ်ဇ်မန်း၊ ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးနဲ့ ဂျီရိုနာအသင်းက ဒေ့ါဗ်ဘိခ်တို့ကို မဲအသာရပြီး ရရှိခဲ့တာပါ။

ဘယ်လင်ဂမ်ဟာ လာလီဂါပွဲပေါင်း ၂၈ ပွဲ ကစားခဲ့တာမှာ ၁၉ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးနိုင်ခဲ့သလို ရီးရယ်လ်အသင်း အတွက် ကစားထားတဲ့ ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၂၃ ဂိုးသွင်းပြီး ၁၂ ဂိုးဖန်တီးကာ ခြေစွမ်းပြသထားတာ ဖြစ်ပါတယ်။ 

ဘယ်လင်ဂမ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ရီးရယ်လ်အသင်းနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ဆုပေး ပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပေမယ့် ဆုရခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။

ယာမဲလ်ကို တွေ့ရစဉ်

ဘယ်လင်ဂမ်က “ဒီဆုအတွက် ကျနော့်ရဲ့ အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အရေးကြီးဆုံးကတော့ ကမ္ဘာ့ အကောင်းဆုံး ကလပ်အသင်း ပရိသတ်တွေကို ရည်ညွှန်းချင်ပါတယ်။ ဒီအသင်းမှာ ကစားရတဲ့အချိန်တိုင်း ကျနော် ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းထံ မပြောင်းရွှေ့ခင် ဒေါ့မွန်အသင်းမှာ ကစားခဲ့ချိန်က ၂၀၂၂-၂၃ ရာသီ ဘွန်ဒက်လီဂါ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၃-၂၄ ရာသီအတွက် လာလီဂါ အကောင်းဆုံးဆုတွေဖြစ်တဲ့ ယူ-၂၃ အကောင်းဆုံး ကစားသမားဆုကို ဘာစီလိုနာ အသင်းကြယ်ပွင့် ယာမဲလ်က ရရှိခဲ့ပြီး အကောင်းဆုံးသွင်းဂိုးဆုကို အိုဆာဆူနာအသင်းက အေရီဆိုရဲ့ သွင်းဂိုးက ရရှိခဲ့တာပါ။

အကောင်းဆုံး နည်းပြဆုကိုတော့ ဂျီရိုနာအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြ မီချဲလ်က ရရှိသွားခဲ့တာဖြစ်ပါတယ်။ 

Source: CNA