CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၄

ရီးရယ်လ်အသင်းဟာ ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့ပြီးနောက် ဘတ်ပီက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ဘတ်ပီက “အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ ကျနော့်ရဲ့ အိပ်မက်ကလပ်အသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့ အတွက် အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။ အခုအချိန်မှာ ကျနော်ဘယ်လောက်အထိ စိတ်လှုပ်ရှားနေလဲ ဆိုတာကို ဘယ်သူကမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။ မက်ဒရစ် ပရိသတ်တွေကို တွေ့ဖို့ မစောင့်ဆိုင်းနိုင်တော့ သလို ခင်ဗျားတို့ရဲ့ မယုံနိုင်စရာ အားပေးမှုတွေအတွက် ကျေးဇူးတင်တယ်”လို့ ရီးရယ်လ်အသင်းကို ငယ်ဘဝ ကတည်းက အားပေးခဲ့တဲ့ပုံတွေနဲ့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဇွန်လ ၃၀ ရက်မှာ ရီးရယ်လ်အသင်း ထံ တရားဝင် ပြောင်းရွှေ့မှာဖြစ်ပြီး အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ တစ်ရာသီ ယူရို ၁၅ သန်းအပြင် လက်မှတ်ထိုးကြေးအတွက် အပိုဆုကြေး ယူရိုသန်း ၁၅၀ ကို ၅ နှစ်အတွင်း ရရှိမှာလည်း ဖြစ်တာပါ။ 

ဘတ်ပီကို တွေ့ရစဉ်

ရီးရယ်လ်အသင်းဟာ ယူရိုပြိုင်ပွဲအပြီးမှသာ ဘတ်ပီကို ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ဗီနီစီးယက်စ်၊ ရိုဒရီဂို၊ ဘယ်လင်ဂမ်၊ အသစ်ရောက်ရှိလာမယ့် အန်းဒရစ်တို့နဲ့အတူ အသင်းရဲ့တိုက်စစ်ကို ပိုမိုကောင်းမွန်အောင် အတူတွဲလုပ်ဆောင်ရတော့မှာပါ။ 

ဘတ်ပီရဲ့ ရီးရယ်လ် အပြောင်းအရွှေ့အပေါ် သူ့ရဲ့ဟီးရိုးဖြစ်တဲ့ ရော်နယ်ဒိုက ဘတ်ပီကို စောင့်ကြည့်ဖို့ သူ့အလှည့် ရောက်ရှိလာခဲ့ပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် နီးစပ်ခဲ့ပေမယ့် အခုမှ အပြောင်းအရွှေ့ ဖြစ်ခဲ့တာပါ။

ဘတ်ပီဟာ လက်ရှိအချိန်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပြင်သစ်အသင်းနဲ့ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ပြင်သစ်အိုလံပစ်ပြိုင်ပွဲအတွက် ပဏာမလူစာရင်းမှာတော့ ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

Source: BBC