CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)က သူ့ကို အလိုရှိတဲ့အထိ ဆက်ပြီး တာဝန်ယူသွားမယ်လို့ ပြောလိုက်ပါတယ်။

စကာလိုနီက “ကျနော့်အတွက် ကောင်းမွန်တဲ့နှစ် မဟုတ်ခဲ့လို့ ဘောလုံးကို ရပ်တန့်ဖို့ အချိန်တန်ပြီလို့ ခံစားခဲ့ရ ပါတယ်။ အခုအချိန်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကလို မဟုတ်တော့ဘဲ ခွန်အားတွေ အပြည့်နဲ့ ဒီကိုရောက်ရှိနေ တာပါ။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ကျနော့်ကို ဒီမှာဆက်ရှိဖို့ အလိုရှိတဲ့အထိ ဆက်ရှိသွားမှာပါ”လို့ ပြောခဲ့တာပါ။

အသက် ၄၆ နှစ်အရွယ်ရှိ စကာလိုနီဟာ အာဂျင်တီးနားအသင်းက ဘရာဇီးလ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာ နည်းပြရာထူးက နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲပြီးဆုံးတဲ့ အချိန်ထိ နိုင်ငံအသင်းကို ဆက်ပြီး ကိုင်တွယ်ပေးဖို့ နည်းပြ စကာလိုနီနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ တာပါ။

 စကာလိုနီကို တွေ့ရစဉ်

အခုအချိန်မှာတော့ စကာလိုနီဟာ ကိုပါအမေရိကပြိုင်ပွဲ အပြီးမှာလည်း အာဂျင်တီးနားအသင်းကို ဆက်ပြီး တာဝန်ယူချင်တယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင် ကစားသမား ၂၉ ဦးနဲ့ လေ့ကျင့်မှုတွေ စတင် နေပြီး အသင်းခေါင်းဆောင် မက်ဆီဟာ ကြံ့ခိုင်မှုပိုင်း ပြဿနာရှိနေပေမယ့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပူးပေါင်းမယ်လို့ နည်းပြ စကာလိုနီက အတည်ပြုခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင် ဇွန်လ ၉ ရက်မှာ အီကွေဒေါ၊ ၁၄ ရက်မှာ ဂွါတီမာလာ အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source: CNA