CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၄

ဖီနာဘာချီအသင်း နည်းပြသစ်ဖြစ်လာတဲ့ မော်ရင်ဟိုက အသင်းဟောင်း ရိုးမားအသင်းက ကစားသမားတွေကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

မော်ရင်ဟိုက “ကျနော့်ရဲ့ ကစားသမားဟောင်းတွေ၊ အသင်းဟောင်းတွေအကြောင်း ပြောနေကြတာတွေ ရှိပါတယ်။ ကျနော့်ရဲ့ စကားတွေနဲ့ ၁၀၀ ရာခိုင်နှုန်းဖြစ်အောင် လုပ်ချင်ပါတယ်။ ကျနော်ဟာ ရိုးမားအသင်းမှာရှိတဲ့ ဘယ်ကစားသမားကိုမှ ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိပါဘူး။ လုံးဝကို စိတ်ဝင်စားမှု မရှိတာပါ”လို့ ဖီနာဘာချီ အသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖီနာဘာချီအသင်း နည်းပြသစ်အဖြစ် ပရိသတ်ထောင်ပေါင်းများစွာအရှေ့မှာ မိတ်ဆက်မှု ခံယူခဲ့ပြီးဖြစ်ပါတယ်။ 

ပေါ်တူဂီလူမျိုးနည်းပြဟာ ဖီနာဘာချီအသင်း အောင်မြင်မှုတွေ ပြန်လည်ရရှိအောင် ကစားသမားသစ်တွေခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

ဒီအချိန်မှာ မော်ရင်ဟိုဟာ ရိုးမားအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ ဒိုင်ဘားလားတို့ကို ဖီနာဘာချီ အသင်းအတွက် ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 မော်ရင်ဟိုကို တွေ့ရစဉ်

မော်ရင်ဟိုဟာ ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့အချိန်မှာ ဒီကစားသမား ၂ ဦးစလုံးကို ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် မော်ရင်ဟိုက ရိုးမားအသင်းမှာရှိတဲ့ ကစားသမားတွေကို ဖီနာဘာချီအသင်းအတွက် ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

မော်ရင်ဟိုဟာ လူကာကူနဲ့ ရိုးမားအသင်းအပြင် ယူနိုက်တက်၊ ချယ်လ်ဆီးအသင်းတွေမှာလည်း အတူလက်တွဲ ခဲ့တာပါ။ 

လူကာကူဟာ ရိုးမားအသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်ရမှာဖြစ်ပြီး လန်ဒန်ကလပ် က သူ့ကို အပြီးသတ် ရောင်းချဖို့ ရှိနေပါတယ်။

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ၁၀ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ တူရကီစူပါလိဂ်ဖလား ရယူပေးဖို့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ 

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီက တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဂါလာတာစာရေး အသင်းရဲ့နောက် အဆင့် ၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro