CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက နည်းပြဟောင်း ဇာဗီဟာ အသင်းရဲ့ လူစာရင်းအပေါ် သံသယရှိတာတွေ ကို ထုတ်ဖော်ခဲ့တာကြောင့် သူ့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

လာပေါ်တာက “ဇာဗီဟာ အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပြီး အခက်အခဲဆုံးအချိန်မှာ အသင်းကို ကိုင်တွယ်ခဲ့ ကာ မနှစ်ကရာသီမှာ ဆုဖလားတွေ ရခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆင်မပြေတဲ့ အရာတွေရှိခဲ့ပါတယ်။ သူ ဆုံးဖြတ်ချက် ပြန်ပြောင်းတဲ့အချိန်က အသင်းအပေါ် ယုံကြည်မှုရှိလားလို့ ကျနော်မေးခဲ့တဲ့ အချိန်မှာ ယုံကြည် တယ်လို့ သူပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ဆီကနေ ပြောင်းလဲခဲ့တဲ့ မှတ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒါကြောင့် အခြေအနေတွေကို ပြန်စဉ်းစားဖို့ တွန်းအားပေးခဲ့ပြီး အသင်းအတွက် ပိုကောင်းမယ့်အရာကို လုပ်ခဲ့ရ တာ”လို့ ပြောပါတယ်။

ဇာဗီဟာ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလမှာ နည်းပြဟောင်း ရော်နယ်လ်ကိုးမန်းရဲ့ နေရာကို အစားထိုး ဝင်ရောက်ပြီး အသင်းဟောင်း ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဇာဗီဟာ ဘာစီလိုနာအသင်းကို ၂၀၂၂-၂၃ ရာသီက စပိန်လာလီဂါနဲ့ စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့တာပါ။ 

 ဘာစီလိုနာအသင်း လေ့ကျင့်ခန်းဆင်းနေစဉ်

ဇာဗီဟာ ဒီရာသီမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ရာသီအကုန်မှာ ထွက်ခွာမယ်လို့ ကြေညာခဲ့ပေမယ့် ဒီနောက်ပိုင်း အသင်းရဲ့ ရလဒ်တွေ ပြန်ကောင်းမွန်လာမှုကြောင့် လာပေါ်တာဟာ သူ့ကို အသင်းမှာ ဆက်ပြီးရှိစေဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဇာဗီဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်ထိ ဘာစီလိုနာအသင်းကို ကိုင်တွယ်မယ်လို့ ကြေညာခဲ့တာပါ။

ဒါပေမယ့် ဇာဗီဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို ပြောခဲ့တာကြောင့် လာပေါ်တာနဲ့ ဘာစီလိုနာ အသင်း ဘုတ်အဖွဲ့ဟာ သူ့ကို ဒေါသထွက်ပြီး ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ဇာဗီ၊ ရော်နယ်လ်ကိုးမန်းနဲ့ မက်ဆီတို့ကို ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရတာပါ။ 

ကတ်တလန်ကလပ်ဟာ ထုတ်ပယ်ခဲ့တဲ့ ဇာဗီရဲ့ နေရာမှာ ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း ဟန်ဆီဖလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက နည်းပြသစ် ဟန်ဆီဖလစ်ကတော့ လက်ရှိလူစာရင်းနဲ့ အသင်းအောင်မြင် မှု ရယူနိုင်တယ်လို့ ခံစားရကြောင်း ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ အဆင့် ၂ ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရပြီး ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

Source: CNA