CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ တိုက်စစ်မှူး ဘန်ဇီမာကို အသင်းက ဖယ်ရှားဖို့ တောင်းဆိုခဲ့တဲ့ နည်းပြ ဂယ်လာဒိုကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ 

ဂယ်လာဒိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက အယ်လ်အစ်တီဟတ်အသင်းကို တာဝန်ယူခဲ့ပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာနဲ့ ရာသီအဆုံးသတ်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် အယ်လ်အစ်တီဟတ် အသင်းဟာ ဂယ်လာဒိုကို နည်းပြရာထူးက ထုတ်ပယ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အခုအချိန်မှာ ဆော်ဒီပရိုလိဂ်ကလပ်က ဒီသတင်းတွေကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

အယ်လ်အစ်တီဟတ်အသင်းဥက္ကဋ္ဌ နာဇာက “ဂယ်လာဒိုဟာ ဘန်ဇီမာကို ဖယ်ရှားပေးဖို့တောင်းဆိုခဲ့တာက လက်ခံနိုင်စရာမရှိတဲ့ အမှားမျိုးပြုလုပ်ခဲ့တာပါ။ ဘန်ဇီမာဟာ ဆော်ဒီနဲ့ ကလပ်ရဲ့ပရောဂျက်အတွက် မရှိမဖြစ် အစိတ်အပိုင်းပါ။ ကျနော်တို့မှာ နည်းပြသစ်အတွက် ရွေးချယ်စရာ ၂ ဦး၊၃ ဦးရှိပါတယ်”လို့ ပြောခဲ့တာပါ။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျမှပူးပေါင်းခဲ့တဲ့အတွက် နည်းပြ ဂယ်လာဒိုနဲ့ အဆင်မပြေမှုတွေရှိခဲ့ပြီး ပွဲရဲ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၂-၂၃ ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘန်ဇီမာ၊ ကန်တီ၊ဖာဘင်ဟိုတို့ကို ခေါ်ယူခဲ့ပေမယ့် ရလဒ်တွေဆိုးရွားခဲ့တာပါ။

ဘန်ဇီမာကလည်း အယ်လ်အစ်တီဟတ် အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရပေမယ့် ဆော်ဒီကလပ်ဟာ ပြင်သစ်တိုက်စစ်မှူးကိုပဲ အသင်းမှာ ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ လာမယ့်ရာသီသစ်မတိုင်ခင် နည်းပြ ဂယ်လာဒိုရဲ့နေရာမှာ အစားထိုးဖို့ နည်းပြ သစ်ရှာဖွေမှုတွေပြုလုပ်နေပြီး အသင်းကို အောင်မြင်မှုတွေပြန်ရအောင် လုပ်ဆောင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါ တယ်။

Source:Goal