CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁

စပိန်အသင်းနည်းပြ ဒယ်လာဖွန်အန်တေက အီတလီအသင်းကို အနိုင်ရကာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သူတို့အသင်း နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီးနောက် စပိန်အသင်းထက် ပိုကောင်းတဲ့ အသင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဒယ်လာဖွန်အန်တေက “ဒါက အနိုင်ရရုံတင် မဟုတ်ဘဲ လက်ရှိ ဥရောပချန်ပီယံနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပုံစံပါ။ ကျနော်တို့ဟာ အီတလီအသင်းကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ကျနော်တို့ရခဲ့တဲ့ အခွင့်အရေးနဲ့ ဒီထက်ပိုပြီး အနိုင်ရ ခဲ့သင့်တာပါ။ စပိန်အသင်းထက် ပိုကောင်းတဲ့အသင်း မရှိပေမယ့် ကျနော်တို့က သတိရှိရမှာဖြစ်ပြီး လွယ်ကူမှာ မဟုတ်ပါဘူး။ စပိန်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းဖြစ်ပေမယ့် ကျနော်တို့ ဘာမှမလုပ်ရသေး ဘူးဆိုတာ သိပါတယ်”လို့ ပြောခဲ့တာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ စပိန်အသင်းက လက်ရှိချန်ပီယံ အီတလီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

စပိန်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်နဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ တာပါ။ 

စပိန်အသင်းဟာ ဒီပွဲစဉ်မှာ အီတလီအသင်းဘက်ကို ဂိုးပေါက်ကန်သွင်းမှုအကြိမ် ၂၀ အထိပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၉ ကြိမ်အထိ ရှိခဲ့ပါတယ်။ 

စပိန်အသင်းကို တွေ့ရစဉ်

အီတလီအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၄ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တာပါ။

အီတလီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ စပိန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ နီကိုဝီလီယံစ်ဟာ ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် UEFA က ချီးမြှင့်တဲ့ဆုကို ရရှိခဲ့ပါတယ်။ 

အီတလီအသင်းနည်းပြ စပယ်လက်တီက စပိန်အသင်းအတွက် ထိုက်တန်တဲ့ရလဒ်ဖြစ်ပြီး သူတို့ဟာ ဒီပွဲစဉ်မှာ အသင်းတစ်သင်းအနေနဲ့ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ 

အီတလီအသင်းဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့် တက်ဖို့အတွက် အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု B ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ စပိန်အသင်းက ၆ မှတ်နဲ့ ပထမ၊ အီတလီအသင်းက ၃ မှတ်နဲ့ ဒုတိယ၊ အယ်လ်ဘေးနီးယားအသင်းနဲ့ ခရိုအေးရှားအသင်းတို့ဟာ ၁ မှတ်စီနဲ့ တတိယ၊ စတုတ္ထနေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: ESPN