CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂

ယူနိုက်တက်အသင်းဟာ အိုင်ဘစ်ဇာမှာ တွေ့ဆုံခဲ့တဲ့ သူတို့ရဲ့ အစည်းအဝေး အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ကို စိတ်ပျက်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ လာမယ့်ရာသီ အသင်းနည်းပြအဖြစ် အဲရစ်တန်ဟတ် ဆက်ရှိမယ် ဆိုတာကို အတည်ပြုဖို့အတွက် ဒတ်ချ်လူမျိုးနည်းပြရှိတဲ့ အိုင်ဘစ်ဇာကို သွားရောက်ပြီး သီးသန့် အစည်းအဝေး ပြုလုပ်ခဲ့တာပါ။ 

အဲရစ်တန်ဟတ်ဟာ အဲဒီအချိန်တုန်းက အားလပ်ရက်အဖြစ် အိုင်ဘစ်ဇာမှာ အပန်းဖြေ အနားယူနေတာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒတ်ချ် TV တစ်ခုနဲ့ စကားပြောခဲ့တာမှာ ယူနိုက်တက်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး အသေးစိတ် အချက်အလက်တွေကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ တာဝန်ရှိသူတွေဟာ အဲရစ်တန်ဟတ်ရဲ့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှုအပေါ် စိတ်ပျက်နေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ပြန်သုံးသပ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ်ကို အသင်းမှာဆက်ထားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း တူချယ်လ်နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးတာ ပါ။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ နည်းပြ အဲရစ်တန်ဟတ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် သဘောတူညီမှု မရရှိသေးတာပါ။ 

ဒတ်ချ်လူမျိုးနည်းပြဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှု အစီအစဉ်တွေကို စတင်ရတော့မှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် တိုက်စစ်မှူး၊ ကွင်းလယ်ခံစစ် ကစားသမားနဲ့ ဗဟိုနောက်ခံလူကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။

ယူနိုက်တက်အသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ရိုဆင်ဘော့၊ ရိန်းဂျားစ်၊ အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးလ်အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။