CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉

ယူနိုက်တက်အသင်းဟာ လိုင်လီအသင်းနောက်ခံလူ ယိုရိုကိုခေါ်ယူလိုက်ပြီး တိုက်စစ်မှူး ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ အပြီးသတ်ရောင်းချလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ပြင်သစ်နောက်ခံလူ ယိုရိုကို ပေါင် ၅၂.၁၈ သန်း၊ add-ons ပေါင် ၆.၇၃ သန်းနဲ့ ခေါ်ယူကာ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အသက် ၁၈ နှစ်အရွယ်ရှိကစားသမားကို စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။ 

အသက် ၁၆ နှစ် အရွယ်ကတည်းက လိုင်လီအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ယိုရိုကို ခေါ်ယူဖို့ ရီးရယ်လ်၊ ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားခဲ့ပေမယ့် ယူနိုက်တက်အသင်းက ခေါ်ယူနိုင်ခဲ့တာပါ။ 

ယိုရိုဟာ လိုင်လီအသင်းအတွက် ပွဲပေါင်း ၆၀ ပါဝင် ကစားခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ကာ ပြင်သစ်ယူ-၂၁ အသင်းအတွက် ၄ ပွဲပါဝင်ကစားထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက် ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းထံ ပေါင် ၂၆.၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ 

မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူမယ့်အပေါ် ဝေဖန်မှုတွေခံခဲ့ရပေမယ့် ခေါ်ယူပြီး ကျောနံပါတ် ၁၀ ပါပေးခဲ့တာ ဖြစ်ပါတယ်။

Source:BBC