CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၉

ဒေါ့မွန်အသင်းဟာ ဂီတာဖေးအသင်းမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြသခဲ့တဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာဖြစ်ပေမယ့် ဂျာမနီသတင်းတွေမှာ ဒေါ့မွန်အသင်းဟာ သူ့ကို လာမယ့်ရာသီအတွက် အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြထားတာပါ။ 

ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆီဘတ်စတီယန်ခါးလ်က နွေရာသီမှာ ဂရင်းဝုဒ်အတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့ကို ငြင်းဆိုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ဆီဘတ်စတီယန်ခါးလ်က “အခုအချိန်မှာတော့ ထွက်ပေါ်နေတဲ့ ထင်ကြေးတွေအကြောင်းကို မပြောချင်ပါဘူး။ စနေနေ့မှာ ဗိုလ်လုပွဲကို အရင်ဆုံးကစားသွားရမှာပါ။ ကျနော်တို့ဟာ လာမယ့်ရာသီအတွက် အစီအစဉ်တွေရှိနေပြီး ဗိုလ်လုပွဲကို အာရုံစိုက်ပြီးမှသာ ဘယ်လိုဆက်သွားကြမလဲဆိုတာ ကြည့်ရမှာပါ။ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး အခု အချိန်မှာ မပြောချင်သေးပါဘူး”လို့ ပြောပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူကာ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကို တွေ့ရစဉ် 

အဲဒါကြောင့် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အသင်းအချို့က စိတ်ဝင်စားနေပြီး ဒီအထဲမှာ ဒေါ့မွန်အသင်းလည်း ပါဝင် လာခဲ့တာပါ။ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းထံ ပြန်ရမှာဖြစ်ပေမယ့် အသင်းကလည်း သူ့ကို အပြီးသတ် ရောင်းချ ဒါမှမဟုတ် အငှားထပ်ပြီးချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ယူနိုက်တက်အသင်းဆီကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန်ချိုကို အငှားနဲ့ ခေါ်ယူခဲ့ပြီး စာချုပ်ထဲ မှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင်တာကြောင့် သူ့အစား ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။ 

ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြသနေပြီး အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်အောင် အဓိက အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းဟာ ကစားသမားဟောင်း ဆန်ချိုကို အပြီးသတ် ခေါ်ယူချင်ပေမယ့် ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အခက်တွေ့နေရတာပါ။

ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဒေါ့မွန်အသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားနေပေမယ့် သူကတော့ ဂီတာဖေး အသင်းမှာ ဆက်ပြီး ရှိချင်သလို စပိန်ကလပ်ကလည်း သူ့ကို အသင်းမှာ ဆက်ပြီးရှိစေချင်တယ်လို့ ထုတ်ဖော် ပြောထားတာ ဖြစ်ပါတယ်။

Source: DailyMail