CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀

မာဆေးလ်မြို့တော်ဝန်က ကလပ်အသင်းအနေနဲ့ ယူနိုက်တက်အသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူမယ့် အပြောင်းအရွှေ့အပေါ် ကန့်ကွက်လိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်အတွက် မာဆေးလ်အသင်းရဲ့ ပေါင် ၂၇ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းနဲ့ မာဆေးလ်အသင်းတို့ဟာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ဂရင်းဝုဒ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ စွဲချက်တင်ထားတဲ့ အမှုတွေ အားလုံးကနေ လွတ်မြောက်ခဲ့တာပါ။

ဂရင်းဝုဒ်ဟာ စွဲချက်တွေ အားလုံးကနေ လွတ်မြောက်ခဲ့ပြီးနောက် မနှစ်ကရာသီမှာ ဂီတာဖေးအသင်းထံ အငှားနဲ့ သွားရောက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိလာခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် သူ့ကို ခေါ်ယူမယ့် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ခဲ့တာပါ။ 

မာဆေးလ်မြို့တော်ဝန်ကို တွေ့ရစဉ်

မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပြီး ပြောင်းရွှေ့ကြေး သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မာဆေးလ်မြို့တော်ဝန်က ဂရင်းဝုဒ်ကို ခေါ်ယူမယ့် ကလပ်ရဲ့ အပြောင်းအရွှေ့ကို ကန့်ကွက်ခဲ့ပြီး သူ့ကို မခေါ်ယူဖို့အတွက် မာဆေးလ်အသင်းဥက္ကဋ္ဌကို ပြောသွားမယ်လို့ ပြင်သစ်ရေဒီယို RMC ကို ပြောခဲ့တာပါ။ 

မာဆေးလ်အသင်း ပရိသတ်အချို့ကလည်း ဂရင်းဝုဒ်ကို ခေါ်ယူမယ့် ကလပ်အသင်းရဲ့ အပြောင်းအရွှေ့ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက ဂရင်းဝုဒ်က ကမ္ဘာ့အဆင့် ကစားသမားဖြစ်ပြီး အသင်းထံ ရောက်လာခဲ့ရင် သူ့ရဲ့သားတစ်ဦးလို ဆက်ဆံခံရမယ်လို့ ပြောခဲ့တာပါ။ 

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက် ကစားခဲ့တဲ့ ဂီတာဖေးအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားပြီး ၁၀ ဂိုး သွင်းယူကာ အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

Source: BBC