CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅

အာဂျင်တီးနားအသင်းနည်းပြ မာရှေယာနိုက မော်ရိုကိုအသင်းကို အရေးနိမ့်ခဲ့တဲ့ အိုလံပစ်အမျိုးသား ဘောလုံး ပြိုင်ပွဲအဖွင့်ပွဲကို သူ့ဘဝရဲ့ အကြီးမားဆုံးဆပ်ကပ်ပွဲလို့ ဝေဖန်ခဲ့ပါတယ်။

မာရှေယာနိုက “ဖြစ်ပျက်ခဲ့တာကို ကျနော်ရှင်းပြလို့မရပါဘူး။ ကျနော့်ရဲ့ကစားသမားဘဝမှာ ဒီလိုအခြေအနေ မျိုးကို တစ်ခါမှမမြင်တွေ့ဖူးပါဘူး။ မော်ရိုကိုခေါင်းဆောင်တွေကလည်း မကစားချင်သလို ကျနော်တို့ကလည်း ဆက်ပြီးမကစားချင်ပါဘူး။ ဒါက ကျနော့်ဘဝမှာ မြင်တွေ့ဖူးသမျှ အကြီးမားဆုံးဆပ်ကပ်ပွဲပါပဲ။ မီဒီနာရဲ့ဂိုးက လူကျွံတယ်ဆိုရင် ကျနော်တို့အရှိန်အဟုန်နဲ့ ဆက်သွားရမှာပါ။ ၁ နာရီခွဲကြာအပြီးမှာ ၃ မိနစ်အတွက် မကစား သင့်ဘူးလို့ထင်ကြောင်း”ပြောခဲ့တာပါ။

မော်ရိုကိုအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ပွဲစဉ်ရဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁၆ မိနစ်မှာ မီဒီနာက အာဂျင်တီးနားအသင်းအတွက် ၂ ဂိုးစီသရေဖြစ်စေမယ့် ချေပဂိုးသွင်းယူခဲ့ပါတယ်။ 

ဒီဂိုးဝင်အပြီးမှာ ကွင်းထဲကို ပုလင်းတွေ၊အရာဝထ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို မော်ရိုကိုပရိသတ်အချို့က ကွင်းထဲကို ဝင်ရောက်လာခဲ့ကြ တာပါ။ 

အဲဒါကြောင့် ၂ သင်းစလုံးဟာ အဝတ်လဲခန်းထဲကို ဝင်ရောက်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီပွဲကို ၂ နာရီ နီးပါးကြာရပ်တန့်ခဲ့ပြီးနောက် ပရိသတ်တွေအားလုံးပြန်သွားချိန်မှာ လက်ကျန် ၃ မိနစ်အတွက် ပွဲကို ပြန်လည် စတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ပွဲကိုပြန်လည်စတင်တဲ့အချိန်မှာ ကွင်းလယ်ဒိုင်လူကြီးက အာဂျင်တီးနားအသင်းသွင်းယူတဲ့ ဂိုးကို VAR ပြန်လည် ကြည့်ရှုပြီးနောက် လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တဲ့အတွက် ပွဲအပြီးမှာ မော်ရိုကိုအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။

 မာရှေယာနိုက ဒီပွဲကိုပြန်လည်မစတင်ခင် သူတို့အဝတ်လဲခန်းထဲရှိချိန်မှာ ပွဲစီစဉ်သူတွေရဲ့ ဆက်သွယ်မှုအားနည်းခဲ့တယ်လို့ ပြောခဲ့တာပါ။ 

ဒီပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် လက်ကျန်ပွဲစဉ် ၂ ပွဲကို အနိုင်ရအောင် ကစားပြီး နောက်တစ်ဆင့်တက်ဖို့ အာရုံစိုက်သွားမယ်လို့လည်း မာရှေယာနိုက ပြောခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင် ၂၇ ရက်မှာ အီရတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အီရတ် အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ယူကရိန်းအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

Source:ESPN