CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅

ရီးရယ်လ်အသင်းဟာ ၂၀၂၃-၂၄ ရာသီဘဏ္ဍာရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာမှာ ဝင်ငွေယူရို ၁ ဘီလီယံကျော် ခဲ့တာကြောင့် သူတို့ဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံးရရှိတဲ့ ဘောလုံးအသင်းအဖြစ် စံချိန်တင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ကစားသမားအပြောင်းအရွှေ့မပါဝင်ဘဲ ရီးရယ်လ်အသင်းဟာ ၂၀၂၃-၂၄ ရာသီမှာ ဝင်ငွေယူရို ၁.၀၇၃ ဘီလီယံ ရှိခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ၂၀၂၂-၂၃ ရာသီက ဝင်ငွေထက် ယူရိုသန်း ၂၃၀ ပိုများခဲ့ပြီး ရာခိုင်နှုန်းနဲ့ဆိုရင် ၂၇ ရာခိုင်နှုန်းတိုးလာခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက လာလီဂါ၊ချန်ပီယံလိဂ်နဲ့ စပိန်စူပါဖလားရယူနိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းဟာ အမြတ်ငွေ ယူရို ၁၆ သန်းနဲ့ ၂၀၂၃-၂၄ ရာသီဘဏ္ဍာရေးနှစ်ကို ပိတ်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားတာပါ။

Forbes က ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို ဒေါ်လာ ၆.၀၇ ဘီလီယံတန်ဖိုးသတ်မှတ်ခဲ့ပြီး ဒါကြောင့် စပိန် ကလပ်ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံးအားကစားအသင်းတွေထဲမှာ နံပတ် ၁၁ နေရာရပ်တည်ကာ ဘောလုံးအသင်း တွေထဲမှာတော့ တန်ဖိုးအရှိဆုံးအသင်းဖြစ်ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ မကြာသေးခင်ကမှ ကြယ်ပွင့်ကစား သမား ဘတ်ပီကို ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပြီး ၅ နှစ်စာချုပ် ချုပ်ဆိုထားတာပါ။

ရီးရယ်လ်အသင်းဟာ လာမယ့် ၂၀၂၄-၂၅ ရာသီဘဏ္ဍာရေးနှစ်မှာလည်း စံချိန်တင်ကိန်းဂဏန်းတွေထပ်ပြီး ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

စပိန်ကလပ်ဟာ လက်ရှိအချိန်မှာ မနှစ်ကရာသီလို ဆုဖလားအောင်မြင်မှုတွေ ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ ရာသီသစ်အတွက်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ ရီးရယ်လ်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံမှာ ရာသီကြိုခြေစမ်းပွဲအဖြစ် အေစီမီလန်၊ဘာစီလိုနာ၊ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။

ရီးရယ်လ်အသင်းဟာ ခြေစမ်းပွဲတွေပြီးရင် သြဂုတ် ၁၅ ရက်မှာ အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:ESPN