CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ ဘရူနိုင်းကလပ် ကာဆူကာအသင်းကို ခြေစစ်ပွဲအဆင့်မှာ အနိုင်ရခဲ့ပြီးနောက် ၂၀၂၄-၂၅ ASEAN Club Championship Shopee Cup ပြိုင်ပွဲရဲ့ အုပ်စု အဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ ကာဆူကာအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဘရူနိုင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့ပြီး မြန်မာနိုင်ငံမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ASEAN Club Championship Shopee Cup ပြိုင်ပွဲအုပ်စုအဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။

ရှမ်းယူနိုက်တက်အသင်းဟာ အုပ်စုအဆင့်မှာ ထိုင်းကလပ် ဘီဂျီပသန်ယူနိုက်တက်၊ မလေးရှားကလပ် တီရန်ဂါနူ၊ အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်၊ ဗီယက်နမ်ကလပ် သန်ဟွာ၊ ကမ္ဘောဒီးယားကလပ် ဆာဗေးအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ASEAN Club Championship Shopee Cup ပြိုင်ပွဲရဲ့ အုပ်စုစာရင်းကို တွေ့ရစဉ်

အုပ်စုအဆင့် ပွဲစဉ်တွေကို သြဂုတ် ၂၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းဟာ အိမ်ကွင်း ၂ ပွဲ ၊အဝေးကွင်း ၃ ပွဲယှဉ်ပြိုင်ရမှာပါ။

တစ်ဖက်အုပ်စုမှာတော့ ထိုင်းကလပ် ဘူရီယမ်၊ မလေးရှားကလပ် ကွာလာလမ်ပူ၊ ဗီယက်နမ်ကလပ် ဟနွိုင်း၊ အင်ဒိုနီးရှားကလပ် ဘော်နီယို၊ ဖိလစ်ပိုင်ကလပ် ကာယာ၊ စင်္ကာပူကလပ် လိုင်းယွန်းစီးတီးအသင်းတို့ ကျရောက် နေတာ ဖြစ်ပါတယ်။

အုပ်စုထိပ်ဆုံး ၂ သင်းစီသာ နောက်တဆင့် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်လို့ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ နောက်တဆင့် တက်ဖို့အတွက် အများကြီး အားထုတ်ကြိုးပမ်းရဖို့ရှိနေတာပါ။

ရှမ်းယူနိုက်တက်အသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၁ ရက် ဗီယက်နမ်မှာ သန်ဟွာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။