CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅

အင်္ဂလန်အသင်း တောင်ပံကစားသမား ဆန်ချိုဟာ ရာသီကြို ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။

ဆန်ချိုဟာ အမေရိကန်ခရီးစဉ်အတွက် ယူနိုက်တက်အသင်းရဲ့ ကစားသမား ၂၉ ဦး စာရင်းမှာ ပါဝင်ခဲ့တာပါ။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဆန်ချိုဟာ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူ့ကို ဒီခရီးစဉ်အတွက် လူစာရင်းမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အဲရစ်တန်ဟတ်နဲ့ လူသိရှင်ကြား အဆင်မပြေဖြစ်ခဲ့တာကြောင့် ဇန်နဝါရီမှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ရတာပါ။

ဒါပေမယ့် ဆန်ချိုဟာ ရာသီကြို လေ့ကျင့်မှုတွေပြုလုပ်ဖို့ ကာရင်တန်ကို ပြန်ရောက်လာချိန်မှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

အဲဒါကြောင့် ဆန်ချိုဟာ ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းခွင့်ရခဲ့သလို ရိန်းဂျားစ်အသင်းကို အနိုင် ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် ပါဝင်ခွင့်ရရှိခဲ့တာပါ။ 

ဆန်ချိုကို တွေ့ရစဉ်

မကြာသေးခင်က ဆန်ချိုကို ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်ခဲ့သလို ဒေါ့မွန်အသင်း ကလည်း သူ့ကိုပြန်ပြီးခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကို ထွက်ခွာခဲ့တဲ့ ယူနိုက်တက်အသင်း လူစာရင်းမှာ ပြီးခဲ့တဲ့ ကိုပါအမေရိကနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်၊ လုပ်ခ်ရှော၊ ကိုဘီမိုင်နူး၊ ဂါနာချို၊ လီဆန်ဒရိုမာတီနက်ဇ်၊ တိုက်စစ်မှူးသစ် ဇာ့ခ်ဇီတို့ ပါဝင်ခဲ့ခြင်း မရှိတာပါ။

ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ နောက်ခံလူ မာလာစီယာဟာ ကာရင်တန်မှာပဲ လေ့ကျင့်မှုတွေဆက်ပြီး ပြုလုပ်မှာဖြစ်လို့ အမေရိကန်ရာသီကြို ခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါနိုင်ခြင်း မရှိပါဘူး။ 

ယူနိုက်တက်အသင်းဟာ အမေရိကန်နိုင်ငံမှာ အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးလ်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှာ အာဆင်နယ်အသင်းနဲ့ စတင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Source: Goal