CNI International News

ဆိုးလ်၊ စက်တင်ဘာ ၁၄

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) သည် အာဏာရပါတီ၏ လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ် အငြိမ်းစား ဗိုလ်ချုပ်ကြီးလည်းဖြစ်သူ ရှင်းဝမ်ဆစ်(Shin Won-sik)ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည် စာရင်းတင်သွင်းခဲ့သည်ဟု စက်တင်ဘာ ၁၃ ရက်တွင် သမ္မတရုံးမှ ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည့် အချိန်တွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးနေရာကို အပြောင်းအလဲ ပြုလုပ်သည့် သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ် သည်။

ကာကွယ်ရေးဝန်ကြီးအသစ် ဖြစ်လာမည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ရှင်းဝမ်ဆစ်ကို တွေ့ရစဉ်

"ရှင်းဟာ မြောက်ကိုရီးယားရဲ့ မြင့်တက်နေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်တဲ့ ကျနော် တို့ရဲ့ လုံခြုံရေး စွမ်းဆောင်ရည်ကို တည်ထောင်ဖို့အတွက် ကာကွယ်ရေး မူဝါဒအရရော၊ မဟာဗျူဟာအရပါ မှန်ကန်တဲ့ လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်"ဟု တောင်ကိုရီးယား သမ္မတရုံး၏ ဝန်ထမ်းအကြီးအကဲ ကင်မ်ဒေးကီ (Kin Dae-ki)က သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြည်သူ့အာဏာပါတီ (People Power Party) ဝင် တစ်ဦးဖြစ်သူ ရှင်းက သူသည် ကြီးမားသည့် လုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်စေရန် အကောင်းဆုံး ကြိုးစား လုပ်ဆောင် သွားမည်ဟု ပြောကြားခဲ့သည်။

ယွန်းသည် ယဉ်ကျေးမှုနှင့် လိင်ပိုင်းဆိုင်ရာ သာတူညီမျှရေး ဝန်ကြီးများကိုလည်း ပြောင်းလဲခန့်အပ်ခဲ့ပြီး အဆိုပါ ပြောင်းလဲခန့်အပ်မှုများကို လွှတ်တော်ကြားနာ စစ်ဆေးမှုတွင် အတည်ပြုမည် ဖြစ်သည်။

Source: ရိုက်တာ