CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၄

ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသရှိ စီဗက်စ်တိုပိုးလ် (Sevastopol) မြို့ရှိ သင်္ဘောကျင်းတစ်ခုကို ယူကရိန်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားစစ်သင်္ဘောနှစ်စင်း မီးလောင်ခဲ့ပြီး လူ ၂၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ယူကရိန်းသည် စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ရုရှားလေကြောင်း ကာကွယ်ရေးအဖွဲ့မှ ကြားဖြတ်ပစ်ချရန် ကြိုးပမ်းခဲ့ကြောင်း စီဗက်စ်တိုပိုးလ်မြို့ရှိ ရုရှားက ခန့်အပ်ထားသည့်် အုပ်ချုပ်ရေးမှူး မီဟိုင်း ရက်ဇ်ဗိုဇာယက်ဗ်(Mikhail Razvozhayev )က Telegram လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ပင်လယ်အတွင်းရှိ ရုရှားသင်္ဘောများသည်လည်း ယူကရိန်း မောင်းသူမဲ့ ရေယာဉ်များ၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူး မီဟိုင်း ရက်ဇ်ဗိုဇာယက်ဗ်ကို တွေ့ရစဉ်

ယူကရိန်းတပ်ဖွဲ့များသည် ပင်လယ်နက်အတွင်းရှိ ရုရှားစစ်သင်္ဘောများကို မောင်းသူမဲ့ ရေယာဉ် ၃ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး သင်္ဘောကျင်းအား ခရုဇ်ဒုံးကျည် ၁၀ စင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဌာန(Russia’s Ministry of Defence)က ပြောကြားခဲ့သည်။

ယူကရိန်း၏ ဒုံးကျည် ၇ စင်းကို ပစ်ချနိုင်ခဲ့ပြီး မောင်းသူမဲ့ ရေယာဉ်များအား ဖျက်ဆီးနိုင်ခဲ့သော်လည်း အချို့ ဒုံးကျည်များသည် သင်္ဘောနှစ်စင်းကို ထိခိုက်ပျက်စီးစေခဲ့သည်။

အဆိုပါ သင်္ဘောများကို စီဗက်စ်တိုပိုးလ် သင်္ဘောကျင်းတွင် ပြုပြင်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စီဗက်စ်တိုပိုးလ်မြို့သည် ရုရုား၏ ပင်လက်နက် စစ်သင်္ဘောအုပ်စု အခြေချသည့် ခရိုင်းမီးယားဒေသမှ အကြီးဆုံး မြို့ဖြစ်သည်။ 

ယူကရိန်း၏ Kyiv Independent သတင်းဌာနကမူ အဆိုပါ တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့် တွင် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြခဲ့သည်။ 

Sevastopol မြို့တိုက်ခိုက်ခံရမှုကိုတွေ့ရစဉ်

ယူကရိန်းအရာရှိများကလည်း ခရိုင်းမီးယားဒေသကို ရုရှားထံမှ ပြန်လည်သိမ်းယူမည်ဟု ကတိပြုခဲ့ပြီး မကြာသေး မီ သီတင်းပတ်များအတွင်း ခရိုင်းမီးယားကျွန်းဆွယ်အား လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများကို အရှိန် မြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၃ ရက် နံနက်ခင်းမှာပင် ယူကရိန်း၏ အိုဒက်ဆာ (Odesa)ဒေသရှိ ဒန်နူဘီ (Danube)မြစ် အဇ်မေးလ်(Izmail)ဆိပ်ကမ်းတွင် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ အရပ်သား များ ဒဏ်ရာရခဲ့သည်ဟု ဒေသအုပ်ချုပ်ရေမှူးက ပြောသည်။

ယူကရိန်းစစ်တပ်ကလည်း ရုရှား၏ ဒရုန်း ၃၂ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရိုမေးနီးယားနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ယူကရိန်း၏ ဒန်နူဘီမြစ်တွင် ဆောက်လုပ်ထားသော ဆိပ်ကမ်း များသည် ယူကရိန်း၏ စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ရောင်းချရေးအတွက် အဓိကကျသည့် ဆိပ်ကမ်းများ ဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား