CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် လက်ရှိ မြန်မာ့နိုင်ငံရေး၊ သံတမန်ရေးရာများ၌ မည်ကဲ့သို့ သက်ရောက်နေမှုများ ရှိလာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဆွေးနွေးမှုများ ရှိနေသည်။

အဆိုပါ အစည်းအဝေးသို့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့သလို ဖိလစ်ပိုင်နှင့် စင်္ကာပူလေတပ် ဦးစီးချုပ်များမှ Video Message များ ပေးပို့ပြီး ဆွေးနွေးခဲ့သည် ဟု နစကမှ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ အာဆီယံနိုင်ငံအများစုမှ တက်ရောက်ခြင်းကြောင့် နစကနှင့် NUG အကြား သံတမန်ရေးရာ အားပြိုင်မှု အပေါ် သက်ရောက်သလားဟု သုံးသပ်မှုများ ရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ အာဏာ ၃ ရပ်ကို ကိုင်စွဲထားသည့် အဖွဲ့အစည်းက နိုင်ငံ၏ အစိုးရဖြစ်ကြောင်း၊ နစက အနေဖြင့် သံတမန်ရေးရာတွင် အားသာလျက်ရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့က အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး ကျင်းပနေစဉ်

၎င်းက “အဲဒါက ဟိုတုန်းကလည်း တော်တော်များများ ကျနော်တို့ focus ပြောဖူးတယ်ဗျ၊ ရှင်းရှင်းလေးပဲ၊ နိုင်ငံ တစ်နိုင်ငံမှာ တကယ်တမ်း ဒီနိုင်ငံရဲ့ အာဏာ ၃ ရပ်ပေါ့၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဒီအာဏာ ၃ ရပ်ကို တကယ်တမ်း ကိုင်တွယ်ပြီး အလုပ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံက ဒီနိုင်ငံရဲ့ အစိုးရပဲ၊ သူ့ဟာသူ သီအိုရီအရ လျှောက်ပြော legitimate ဖြစ်လား၊ မဖြစ်ဘူးလား ငြင်းနေကြတာ တကယ်တမ်းကြ အဲဒီနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရတစ်ရပ်က တည်ဆဲအစိုးရပဲ ပြောရရင် တရားဝင်အစိုးရပဲ၊ အဲဒီအချက်မှာတင် တော်တော်လေး ရှင်းလင်းနေ ပြီးသားပဲ၊ ရုံးခန်းတစ်ခန်းတောင် သေချာဖွင့်လှစ်ဖို့ အနေအထားမရှိဘဲနဲ့ ဟိုနိုင်ငံက ခေါ်တွေ့၊ ဒီနိုင်ငံက ခေါ်တွေ့ လောက်နဲ့ သာယာနေတဲ့ အဖွဲ့အစည်း တစ်ခုလောက်နဲ့တော့ ယှဉ်လို့မရဘူးပေါ့လေ၊ အဓိကကတော့ လက်တွေ့ ကတော့ အဲဒီအတိုင်းပဲဗျ၊ အဲဒီတော့ သံတမန်ရေးရာ အားသာချက်ရှိလား မရှိလားဆိုတော့ အစကတည်းက နစက ဖက်က သံတမန်ရေးရာ အားသာချက် ရှိပြီးသားပါ၊ အားသာချက် မရှိဘူးလို့ လူတွေက ထင်နေကြတာပဲ ဖြစ်ပါလိမ့် မယ်” ဟု‌ ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့က နစက၏ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်သည် အာဆီယံအဖွဲ့ ဝင် လေတပ်ဦးစီးချုပ်များနှင့် စုပေါင်းတွေ့ဆုံမှု ရှိခဲ့သလို နိုင်ငံချင်းစီ တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအား မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က တက်ရောက်ခြင်း မရှိသလို Video Message ပေးပို့ခြင်းလည်း မရှိကြောင်း သိရသည်။

လက်ရှိတွင် အာဆီယံအနေဖြင့် မြန်မာ့နိုင်ငံရေး ဖြေရှင်းရေးအတွက် ပြင်ဆင်မှုများ ရှိနေကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီမှ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့က ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို တွေ့ရစဉ်

၎င်းက “အခုတလောပိုင်းကတော့ အာဆီယံက မြန်မာကို ပြင်ထားသလိုတော့ ရှိတာပေါ့လေ၊ ဒါပေမဲ့ အခု တပ်ပိုင်းဆိုင်ရာက လာတယ်ဆိုတော့ သံတမန်ပိုင်းက နည်းနည်းလေး ပြန်ပြီးတော့ အလားအလာ ကောင်းတယ် လို့ ပြောလို့ရမလားတော့ မပြောတတ်ဘူး။ အဲဒီလို တွေ့ဆုံတယ်ဆိုလို့ ရှိရင်ပေါ့လေ၊ အင်ဒိုနီးရှားနဲ့ မလေးရှားက တော့ နဂိုကတည်းက ကျနော်တို့နိုင်ငံကို သိပ်ကြိုက်တဲ့ နိုင်ငံတွေ မဟုတ်ဘူးလေ၊ အဲဒါကြောင့်မို့ သူတို့ ကျန်နေခဲ့ တာ ဖြစ်မှာပေါ့၊ ဒီဖက်ဟာတွေကတော့ အဲဒီလို သံတမန်ရေးရာအရတော့ တစ်စုံတစ်ရာသော အတိုင်းအတာအထိ အောင်မြင်မှုရတယ်လို့ ပြောရင်လည်း ပြောလို့ရမယ် ထင်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများအရ မြန်မာနိုင်ငံတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။ 

အဆိုပါ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အား သဘောတူ ခဲ့ကြသော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသလို အာဆီယံ အစည်း အဝေးများတွင် မြန်မာ့အား တက်ရောက်ခွင့် ကန့်သတ်ထားသည်။ 

သို့သော် အခြားတစ်ဖက်တွင်လည်း နစကမှ လက်ခံကျင်းပသော (၂၀)ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ် များ အစည်းအဝေးအား အာဆီယံအဖွဲ့ဝင် အများစု တက်ရောက်ခဲ့သည်ကို တွေ့ရသည်။