CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၅

အမေရိကန်စစ်တပ်သည် နိုက်ဂျာတွင် စစ်ဆင်ရေးများကို ပြန်လည်စတင်ခဲ့ပြီး နိုင်ငံအတွင်းရှိ စစ်စခန်းမှ ဒရုန်း ပျံသန်းမှုများနှင့် အခြားလေယာဉ်ပျံသန်းမှုများအား လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်၏ ဥရောပနှင့် အာဖရိက လေတပ်များ (Air Forces in Europe and Air Forces in Africa)၏ အကြီးအကဲက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

နိုက်ဂျာတွင် ဇူလိုင်လက သမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်ကတည်းက နိုက်ဂျာနိုင်ငံအတွင်း ဖြန့်ကြက်ထားသော အမေရိကန်စစ်သား ၁၁၀၀ ခန့်သည် ၎င်းတို့ ၏ စစ်စခန်းများအတွင်းမှာပင် နေထိုင်ခဲ့ကြသည်။

နိုက်ဂျာ၏ စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ထောက်လှမ်းရေးနှင့် ကင်းထောက် မစ်ရှင်အချို့ကို ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဟက်ကာ (James Hecker)က စက်တင် ဘာ ၁၃ ရက်တွင် ပြောသည်။

"အခုမတိုင်ခင် အချိန်အထိ စစ်စခန်းတွေမှာ ဘယ်လိုမစ်ရှင်မျိုးကိုမှ မပြုလုပ်ခဲ့ပါဘူး။ လေယာဉ်ကွင်းတွေကို လည်း ပိတ်ထားခဲ့တာ ဖြစ်တယ်" ဟု ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဟက်ကာက နှစ်စဉ်ကျင်းပနေကျ လေကြောင်းနှင့် အာကာသတပ်ဖွဲ့များ အသင်း (Air and Space Forces Association) ညီလာခံတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန် စစ်သားများကိုတွေ့ရစဉ်

မိမိတို့အနေနှင့် သံတမန်ရေးရာ ဆွေးနွေးမှုများ ပြုလုပ်နေပြီး ယခင်က လုပ်ဆောင်ခဲ့သည့် မစ်ရှင်များကဲ့သို့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မလုပ်ဆောင်နိုင်သည့်တိုင် မစ်ရှင်အများအပြားကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဂျိမ်းစ်ဟက်ကာက ပြောသည်။

အမေရိကန်သည် မကြာသေးမီ သီတင်းပတ်များအတွင်း မောင်းသူမဲ့ လေယာဉ်များနှင့် လေယာဉ်အမှုထမ်းများ လိုက်ပါသည့် လေယာဉ်ပျံသန်းမှု မစ်ရှင်များကို ပြန်လည်စတင်ခဲ့သည်ဟု ၎င်းက ပြောသည်။

အမေရိကန်တပ်ဖွဲ့များသည် နိုက်ဂျာ၏မြို့တော် နီယာမေ (Niamey)အနီးရှိ အမှတ် ၁၀၁ လေတပ်စခန်းမှ (Air Base 101) အဂါဒက်ဇ် (Agadez) မြို့ရှိ အမှတ် ၂၀၁ လေတပ်စခန်း (Air Base 201) သို့ ပြောင်းရွှေ့ခဲ့ကြောင်း ပြီးခဲ့သည့်် သီတင်းပတ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဂါဒက်ဇ်မြို့သည် နီယာမေမြို့တော်၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၉၂၀ (မိုင် ၅၇၀) အကွာတွင် တည်ရှိသည်။

Source: အယ်လ်ဂျာဇီးယား