CNI International News

ဘေကျင်း၊ မေ ၁၁

မဟာဗျူဟာမြောက် အရေးကြီးသည့် တောင်တရုတ်ပင်လယ်တွင် မကြာသေးမီက တရုတ်နှင့် ဖိလစ်ပိုင်အကြား ပင်လယ်ရေကြောင်းဆိုင်ရာ ထိပ်တိုက်တွေ့မှုများနှင့် တင်းမာမှုများ မြင့်တက်ခဲ့ပြီး ပေါက်ကွဲလုနီးပါး အခြေအနေ သို့ ရောက်ရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

နှစ်နိုင်ငံအကြား ပေါက်ကွဲလုနီးပါး အခြေအနေများအနက် တစ်ခုမှာ ဖိလစ်ပိုင်၏ ရေမိုင် ၂၀၀ အကျယ်အဝန်း ရှိသည့် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသည့် ကျွန်းစုများကို ပိုင်ဆိုင်ရေးဖြစ်သည်။ 

ထိုကျွန်းစုများသည် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန် အတွင်းတွင်ရှိသော်လည်း တရုတ်က ၎င်းပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

ထို့ပြင် တရုတ်သည် ငါးများပေါကြွယ်ဝသည့် စကာဘိုရော့ သောင်ခုံ (Scarborough Shoal) နှင့် ဖိလစ်ပိုင် စစ်သားများ စခန်းချထားသည့် သင်္ဘောအပျက် တစ်စီးအနီးရှိ Second Thomas သောင်ခုံတို့ အပါအဝင် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် ၉၀ နီးပါး လွှမ်းခြုံပါဝင်သည့် Nine-dash line အမည်ရှိ မြေပုံကို အသုံးပြု ခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် တင်းမာမှုမြင့်တက်ခဲ့သည်။

ဖိလစ်ပိုင်နဲ့တရုတ် ရေပိုင်နက်အငြင်းပွားနေစဉ်

၂၀၁၆ ခုနှစ်က သည်ဟိဂ် (The Hague) မြို့ရှိ နိုင်ငံတကာ အနုညာတခုံရုံးသည် Nine-dash line  မြေပုံဖြင့် တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာမှုများကို နိုင်ငံတကာဥပဒေအောက်တွင် တရားမဝင်ကြောင်း စီရင်ချက်ချခဲ့ပြီး ထိုအမှုတွင် ဖိလစ်ပိုင်ကို အနိုင်ပေးခဲ့သည်။

သို့သော် တရုတ်သည် ထိုစီရင်ချက်ကို လျစ်လျူရှုပြီး တောင်တရုတ်ပင်လယ်တွင် ၎င်း၏ လှုပ်ရှားမှုများကို မြှင့်တင်ခဲ့သည်။

ထို့ပြင် တရုတ်သည် ထိုဒေသများသို့ ကင်းလှည့်ရန် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောရာချီ စေလွှတ်ခဲ့သဖြင့် ဖိလစ်ပိုင် အပါအဝင် တောင်တရုတ်ပင်လယ်၏ နယ်မြေများကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် အခြား အိမ်နီးချင်းနိုင်ငံများနှင့် ပြိုင်ဆိုင်မှုများ မြင့်တက်ခဲ့သည်။

ထိုနိုင်ငံများထဲမှ ဖိလစ်ပိုင်နှင့် တရုတ်၏ ပြိုင်ဆိုင်မှုသည် အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံ သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ မြင့်တက်ခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များသည် grey-zone ဟုခေါ်သည့် စစ်ပွဲနှင့် ငြိမ်းချမ်းရေးအကြား မရေရာသည့် အခြေအနေတစ်ရပ်ကို ဖန်တီးရန်လှု ပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

 ဖိလစ်ပိုင်နဲ့တရုတ် ရေပိုင်နက်အငြင်းပွားနေစဉ်

အဆိုပါ လှုပ်ရှားမှုများအနက် တရုတ်ကမ်းခြေစောင့် သင်္ဘောများက ဖိလစ်ပိုင်ကင်းလှည့် သင်္ဘောများနှင့် ထောက်ပို့သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်း၊ စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့်ထိုးခြင်း၊ သင်္ဘောချင်း တိုက်မိစေရန် လုပ်ဆောင်ခြင်း အစရှိသည့် နည်းဗျူဟာများပါဝင်ခဲ့သည်ဟု  ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။

မကြာသေးမီက  Second Thomas သောင်ခုံအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများက ဖိလစ်ပိုင် သင်္ဘောများကို မီးသတ်ပိုက်ဖြင့် ထိုးခဲ့သဖြင့် ဖိလစ်ပိုင်သင်္ဘောသားအချို့ ဒဏ်ရာရခဲ့ကာ သင်္ဘောများ ထိခိုက် ပျက်စီးခဲ့သည်။

တရုတ်၏ ထိုလုပ်ဆောင်ချက်များကို နိုင်ငံတကာက ဝေဖန်ရှုတ်ချခဲ့ကြပြီး အမေရိန်၊ ဂျပန်၊ သြစတြေးလျ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများ အပါအဝင် အင်အားကြီးနိုင်ငံများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

Source: ရိုက်တာ