CNI International News

ကိယက်ဗ်၊ မေလ ၁၁

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) ကို လုပ်ကြံရန် အစီအစဉ်တစ်ခုတွင် ၎င်း၏အဖွဲ့ဝင်နှစ်ဦး ပါဝင်သည်ဟူသည့် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဇာလန်းစကီးက နိုင်ငံ့အစောင့်တပ်ဖွဲ့ အကြီးအကဲကို  ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဇာလန်းစကီးနှင့် အခြား အရေးပါသော တာဝန်ရှိသူများကို လုပ်ကြံရန် ကြံစည်မှုတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ ကြောင်း နိုင်ငံ့ထောက်လှမ်းရေးအဖွဲ့(SBU)က ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ဇာလန်းစကီးက မေလ ၉ ရက်၌ အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း ဆာဟီရုဒ် (Serhiy Rud)ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ရုဒ်နေရာတွင် တာဝန်ထမ်းဆောင်မည့်သူ၏ အမည်ကို ယခုအချိန်အထိ ထုတ်ဖော် ပြောကြားထားခြင်း မရှိပေ။

ထိုလုပ်ကြံမှုသည် မေလ ၇ ရက်က သမ္မတသက်တမ်းသစ်အတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ရုရှားသမ္မတ ပူတင်အတွက် လက်ဆောင်တစ်ခုအဖြစ် အဓိပ္ပာယ်သက်ရောက်ကြောင်း SBU က ဆိုသည်။

နိုင်ငံ့အစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီးနှစ်ဦးသည် ဇာလန်းစကီးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး နောက်ပိုင်းတွင် သတ်ပစ်ရန် စီစဉ်ထားခဲ့ကြောင်း SBU က ပြောကြားခဲ့သည်။

SBU အကြီးအကဲ ဗာဆိုင်းမာလွတ်(Vasyl Maliuk)နှင့် စစ်တပ်ထောက်လှမ်းရေး အကြီးအကဲ ခိုင်လိုဘူဒါနော့ဗ် (Kyrylo Budanov)အပါအဝင် အခြား အရေးပါသည့် တာဝန်ရှိသူများကိုလည်း လုပ်ကြံမည့် အစီအစဉ်တွင် ပစ်မှတ်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။

 အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း ဆာဟီရုဒ်ကို တွေ့ရစဉ်

သက်တော်စောင့်နှစ်ဦးသည် ရုရှား၏ လုံခြုံရေးတပ်ဖွဲ့(FSB)ထံ အရေးကြီးသော သတင်းအချက်အလက်များ ပေးပို့ခဲ့သည်ဟု  SBU ၏ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ရုရှားအစိုးရက မှတ်ချက်ပြု ထုတ်ပြန်ထားခြင်း မရှိပေ။

ယင်းသည် ယူကရိန်းသမ္မတ ကြုံတွေ့သည် ပထမဆုံးလုပ်ကြံ သတ်ဖြတ်မှု မဟုတ်ပေ။ စစ်ပွဲ စတင်ဖြစ်ပွားချိန် ကတည်းက ရုရှား၏ လုပ်ကြံမှု အစီအစဉ် ၅ ခုထက်မနည်းကို ဖော်ထုတ်သိရှိခဲ့သည်။

ဇာလန်းစကီး၏ အစိုးရသည် မကြာသေးမီလများအတွက် အခက်အခဲ အများအပြားကို ကြုံတွေ့ခဲ့ရကာ ရုရှားနှင့် ဖြစ်ပွားသည့် စစ်ပွဲကြောင့် နိုင်ငံ၏တိုးတက်မှုနှုန်း ရပ်တန့်သွားသည့်အပြင် တာဝန်ရှိသူများကလည်း အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသောကြောင့် အရေးပါသည့် ဝန်ထမ်းနေရာအချို့ လှုပ်လှုပ်ခတ်ခတ် ဖြစ်ပေါ်ခဲ့သည်။

ဖေဖော်ဝါရီလက ဇာလန်းစကီးသည် ဗိုလ်ချုပ် ဗယ်လာရီဇာလူဇိုင်း(Valerii Zaluzhny) ကို ရာထူးမှ ထုတ်ပယ် ခဲ့ပြီးနောက် အိုလက်ဇန်းဒါး ဆိုစကီး(Oleksandr Syrskyii )ကို စစ်တပ် အကြီးအကဲအသစ်အဖြစ် ခန့်အပ်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား