CNI International News

မနီလာ၊ မေလ ၁၄

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jnr) သည် ယခင်က သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) အား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲအတွက် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်မည် မဟုတ်ကြောင်း သန္နိဋ္ဌာန်ချထားခဲ့သော်လည်း လက်ရှိတွင် ထိုအကြောင်းအရာသည် ပိုမိုရှုပ်ထွေးလာခဲ့သည်ဟု SCMP မှ ဖော်ပြခဲ့သည်။

မားကို့စ်၏ တရားရေးဝန်ကြီးဌာနသည် ဒူတာတေးအား ICC ၏ ဖမ်းဝရမ်း ထုတ်ပြန်မှုကို မည်ကဲ့သို့ တုန့်ပြန်ရမည် ဆိုခြင်းနှင့်ပတ်သက်ပြီး တရားရေးအရ အကြံပြုချက် ထုတ်ပြန်ခဲ့ပြီးနောက် ဒူတာတေး၏ အနာဂတ်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ICC သည် ဒူတာတေး၏ သမ္မတသက်တမ်းအတွင်း ကလေး ၁၂၂ ဦး အပါအဝင် လူပေါင်း ၈၀၀၀ ခန့် သေဆုံးခဲ့ သည့် မူးယစ်စစ်ပွဲနှင့်ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ ရှိ/မရှိ စုံစမ်းစစ်ဆေး လျက်ရှိသည်။

 ဖိလစ်ပိုင်က မူးယစ်စစ်ပွဲကြောင့် သေဆုံးနေသူကိုတွေ့ရစဉ်

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ICC တွင် ဒူတာတေးကို တိုင်ချက်နှစ်ခု တင်သွင်းထားခဲ့ခြင်း ဖြစ်သည်။ ပထမတိုင်ချက် တစ်ခုကို ဖိလစ်ပိုင် ရဲအရာရှိဟောင်းတစ်ဦးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

၎င်း၏ တိုင်ကြားလွှာတွင် ဒူတာတေးသည် ဒါဗောင်း (Davao) မြို့၏ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ချိန်က နိုင်ငံရေးပြိုင်ဘက်များနှင့် ရာဇဝတ်သားများကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ဒုတိယတိုင်ချက်တစ်ခုကို ဒူတာတေး၏ သမ္မတသက်တမ်းဖြစ်သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ် ဆေးဝါး နှိမ်နင်းသည့် စစ်ပွဲအတွင်း သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဆွေမျိုးများက တင်သွင်းခဲ့ ခြင်းဖြစ်သည်။

ထိုအမှုနှင့်ပတ်သက်ပြီး ဒူတာတေးသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ကာလဖြစ်သည့် ၂၀၁၉ ခုနှစ် တွင် ICC မှ ဖိလစ်ပိုင်နိုင်ငံကို နုတ်ထွက်ခဲ့သည်။

ဒူတာတေးကိုတွေ့ရစဉ်

ထို့နောက် ယခုနှစ် အစောပိုင်းတွင် ဒူတာတေးသည် တစ်ချိန်က နိုင်ငံရေးမိတ်ဖက်အဖြစ် လက်တွဲခဲ့သည့် လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ကို မူးယစ်ဆေးစွဲခဲ့သူဖြစ်ကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့ဖြင့် ဒူတာတေးနှင့် မားကို့စ်တို့အကြား အကွဲအပြဲသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။

မကြာသေးမီ လများအတွင်းကလည်း ဒူတာတေးနှင့် မားကို့စ်တို့အကြား သဘောထားကွဲလွဲမှုများ ပိုမိုမြင့်တက် လာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင်  မားကို့စ်က ဖိလစ်ပိုင်နိုင်ငံသည် ICC သို့ ပြန်လည်ဝင်ရောက်မည်ဟု အတည်ပြုခဲ့ သဖြင့် ICC ကသာ ဒူတာတေးကို ဖမ်းဝရမ်းထုတ်ခဲ့မည်ဆိုပါက မားကို့စ်သည် လက်ခံနိုင်ခြေ ရှိ/မရှိ ဆိုခြင်းအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: SCMP