CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၄

တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ပေါ်ပေါက်လာသော ဟိုင်ဂင်သဘောတူညီချက် တွေ့ဆုံဆွေးနွေးမှု မကြာခင် ပြန်လည်စတင်မည်ဖြစ်၍ ထိုတွေ့ဆုံဆွေးနွေးမှုနောက်ပိုင်းမှာ မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော် (AA) တို့ကြား အပစ်ရပ်လာနိုင်သလားဆိုကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေကြသူများက သုံးသပ်လျက်ရှိနေ သည်။ 

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)တို့နှင့် နစက၏ ငြိမ်းချမ်းရေးအဖွဲ့ကြား တရုတ်၏ ကြားဝင် စေ့စပ်မှုကြောင့် ပေါ်ပေါက်လာသော ဟိုင်ဂင်သဘောတူညီချက် တွေ့ဆုံဆွေးနွေးပွဲကို မကြာမီရက်ပိုင်းအတွင်းမှာ ကျင်းပကြမည်ဖြစ်သည်။

ထို့တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော် (AA) တို့ကြား အပစ်အခတ်ရပ်စဲလာနိုင်သည်ဟု နီးစပ်သူများထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေးကိစ္စကို အဓိကထား ဆွေးနွေးမည်ဟု ယူဆကြောင်း၊ AA နှင့် မြန်မာ့တပ်မတော်တို့ အပစ်ရပ် ရေးကိစ္စ ပါဝင်ခြင်း ရှိ/မရှိ မသိနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

AA-TNLA-MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “ကျမသိတာတော့ သူတို့ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေပဲနဲ့ တူတယ်၊ ကြည့်ရတာ၊ အဲဒီဟာတွေ ပြန်ဖွင့်ဖို့ ကိစ္စပဲ လုံးပန်းနေပုံရတယ်ဗျ၊ AA ကိစ္စ ပါမပါတော့ မသိဘူး။ ရပ်ဖို့လိုရင်လည်း ရပ်လိမ့်မယ်ထင်တယ်၊ AA က အခု သူတိုက်နေတာလည်း နည်းနည်း ရက်ကြာနေပြီ ဖြစ်တာကို၊ နောက်အခု ကျမကြားသလိုဆိုရင် ရိုဟင်ဂျာတွေ နေတဲ့ဒေသနဲ့ ရခိုင်တွေနေတဲ့ဒေသကြား ပဋိက္ခတွေ ထပ်တိုးလာမှာလည်း ပူပန်ရသေးတာကို၊ အဲဒါတွေ ဖြေရှင်းဖို့ ရှိတော့ ရပ်ချင်လည်း ရပ်လိမ့်မယ်ထင်တယ်၊ ဒါပေမဲ့ သူတို့ရထားတဲ့ နေရာတွေလည်း နည်းတာ မဟုတ်ဘူးလေ၊ ပြန်ပေးတာအထိတော့ မဖြစ်ပါဘူးနဲ့ တူပါတယ်” ဟု ပြောသည်။

လက်ရှိတွင် AA ၏ စစ်ရေးရည်မှန်းချက် အစိတ်အပိုင်းတစ်ခုအထိ အောင်မြင်ထားပြီး ဖြစ်ကြောင်း၊ မိမိရရှိထား သည့် နယ်မြေကို တည်ငြိမ်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါက်တာလှကျော်ဇောက ထောက်ပြသည်။

ပြီးခဲ့သည့် လေးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်(TNLA-AA-MNDAA)တို့အကြား အပစ် အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။

ထိုအပစ်အခတ်ရပ်စဲရေးတွင် ရခိုင်ပြည်နယ် မပါကြောင်း မတ်လ ၄ ရက်နေ့မှာ AA က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားခဲ့သည်။

သို့သော် ယခုလအတွင်း ဟိုင်ဂင်တွေ့ဆုံဆွေးနွေးမှုကို ပြန်လည် စတင်ကြမည်ဖြစ်သလို AA နှင့် မြန်မာ့တပ်မ တော်ကြား ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရလိမ့်မည်ဟု နီးစပ်သူများက ပြောသည်။

AA သည် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြိုလက်ဝဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ ဆမီးတို့ကို သိမ်းပိုက်ထားသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်

မိမိတို့ မြို့နယ်မှာ တိုက်ပွဲများ ရပ်ဆိုင်းသွားကြောင်း၊ သို့သော်လည်း ယခင်တိုက်ပွဲများကြောင့် မိမိတို့ နေအိမ်များ ပျက်စီးခဲ့သည့်အတွက် နေရပ်ပြန်ရန် အခက်အခဲရှိနေကြောင်း မြောက်ဦးတိုက်ပွဲရှောင်တစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ဒီဖက်ခြမ်းမှာတော့ တိုက်ပွဲက မရှိသလောက်ဖြစ်သွားပြီ။ ဒါပေမဲ့ နေရပ် ပြန်မယ့်သူတွေက သူတို့ အခက်အခဲ ရှိနေကြတယ်၊ သူတို့အိုးတွေ အိမ်တွေ ပျက်စီးတဲ့ဟာတွေ ရှိတယ်လေ၊ အဲဒါကြ‌တော့ သူတို့လည်း မပြန်ဖြစ်ဘူး၊ အဲဒီလို၊ ဟိုကလည်း ထောက်ပံ့ငွေတွေ လာမလား၊ လာမလားနဲ့ မျှော်နေတာ လာလည်း မလာဘူး။ အဲဒါကြောင့်၊ တိုက်ပွဲကတော့ မဖြစ်လေကောင်းလေပဲ၊ ပြည်သူတွေလည်း စီးပွားရေးလည်း အလုပ်လုပ်လို့ မရဘူး။ လမ်းပန်းဆက်သွယ်ရေးလည်း ပိတ်တယ်၊ တိုက်ပွဲတွေ မရှိလေ ကောင်းလေပါပဲ” ဟု ပြောသည်။

လက်ရှိတွင် စစ်တွေ၊ အမ်း၊ ကျောက်ဖြူမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ထို့အတူ AA အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ကို ရရှိရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောဆိုထားသလို ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများကိုလည်း အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများကို ဖော်ဆောင်လာနိုင်ကြောင်း ထောက်ပြကြသည်။