CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၃

နစကနှင့် AA တို့ ဆွေးနွေးပွဲ အဆင်မပြေမှုနောက်ပိုင်း ဘာဆက်ဖြစ်လာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များအကြား စိုးရိမ်မှုများ ရှိနေကြသည်။

အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေးနှင့် နွေဦးတော်လှန်ရေး လှုပ်ရှားမှု ဆက်လက် လှုပ်ရှားမည်ဆိုသည့် ဘဘောထားကို တွေ့ရှိကြောင်း၊ ထိုအခြေအနေများကြောင့် ဆွေးနွေးပွဲ ပျက်သွားခြင်းဖြစ် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ သိထားတာကတော့ AA ကို စစ်ရပ်စဲဖို့ ငြိမ်းချမ်းရေးအတွက် တရုတ်ကနေပြီးတော့ တွန်း (နှိုး)ဆော်ပေးတယ်ဆိုတဲ့ သဘောထားတော့ သိရပါတယ်။ ဒါပေမဲ့ AA ကလည်း ပထမဆုံး ရခိုင်ပြည်နယ် လွတ်မြောက်ရေးနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေ ဆက်လုပ်မယ်ဆိုတဲ့ သဘောထားကို ဆုပ်ကိုင်ထားပါ တယ်။ အဲဒီအခြေအနေအောက်မှာ ဆွေးနွေးပွဲက အဆင်မပြေပဲ ပျက်သွားတယ်လို့ ကျနော်တို့ ကြားပါတယ်။ ရခိုင် တစ်ပြည်နယ်လုံးက AA ရဲ့ လက်ထဲမှာ ရောက်ရှိတော့မှာပါ၊ ဒါပေမဲ့ စစ်ကောင်စီကတော့ သူ့ရဲ့ စစ်တွေခံစစ်နဲ့ သူ့ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ပြီး ထိန်းသိမ်းထားတဲ့ အနေအထားရှိပါတယ်။ အဲဒီ အနေ အထား ကနေပြီးတော့ သူကတော့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲအတွက် စစ်ရပ်ဆဲဖို့ တရုတ်ကနေတဆင့် သူက ကြိုးပမ်းနေတာပါ၊ တရုတ်က အဲဒီကိစ္စမှာလည်း ပါဝင်ကူညီဖို့ သဘောထားရှိပါတယ်။ ပြီးတော့မှ တဖြည်းဖြည်း အဲဒီကနေပြီးတော့ သူ့ရဲ့ စစ်အင်အားတွေ ပြန်လည်ဖြည့်တင်းပြီးတော့ ရခိုင်တစ်ပြည်လုံးကို သူက ပြန်ပြီး တိုက် ခိုက် သိမ်းပိုက်ဖို့ဆိုတဲ့ သူ့ရဲ့ စိတ်ကူးယဉ် စီမံကိန်းနဲ့ တရုတ်ကို ငြိမ်းချမ်းရေး အကောင်အထည်ဖော်ပေးဖို့ အကူ အညီ တောင်းနေတယ်လို့ ကျနော်တို့ကတော့ သဘောပေါက်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ကလမ်းဆုံတစ်ခုကိုတွေ့ရစဉ်

ပြီးခဲ့သည့် မေလ ၁၄ ရက်နှင့် ၁၅ ရက်မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နစက၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးခဲ့ပြီး နစကနှင့် AA တို့ သီးသန့်တွေ့ဆုံမှု ပျက်သွားကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

AA အနေဖြင့် ရခိုင်ပြည်နယ်တွင် မိမိတို့ လက်နက်ကိုင်အဖွဲ့အစည်းသာ ရှိရမည်၊ မြန်မာ့တပ်မတော်အနေဖြင့် ရခိုင် ပြည်နယ်မှ ထွက်ခွာရမည်ဟု ပြောဆိုခဲ့သလို နစကဖက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တို့တာဝန် အရေးသုံးပါးကို ဆွေးနွေးကြကြောင်း၊ ထို့နောက် ဆက်လက်ဆွေးနွေးနိုင်းခြင်း မရှိတော့ဘဲ ငြိမ်းချမ်းရေး ဆွေးနွေး မှု ပျက်သွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ မြန်မာ့တပ်မတော် ထွက်ခွာရန်မှာ မဖြစ်နိုင်ကြောင်း၊ ဆွေးနွေးမှု ပျက်သွားခြင်းကြောင့် သွေးထွက် သံယိုမှုဖြင့် အဆုံးသတ်နိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “AA က နောက်မှပေါ်တဲ့ ရွှေကြာပင်ပဲ၊ စစ်တပ်ဆိုတာကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အချုပ်အခြာအာဏာ ကို ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်းကြီးလေ တရားတယ်ပြောပြော၊ မတရားတယ်ပြောပြော သူက ဒီလို လွယ်လွယ်နဲ့တော့ ဘယ်လျှော့မလဲ၊ လွယ်လွယ်နဲ့ မလျှော့ဘူး။ လျှော့စရာအကြောင်းလဲ မရှိဘူး။ သူ့ဖက်က ခေါင်းဆောင်မှု ညံ့ဖျင်းတာတို့ လွှဲမှားတာတို့ ဒါမျိုးတွေ ရှိကောင်းရှိမယ်လေ၊ အဲဒီတော့ တစ်ခုရှိတာက စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း သူ့မှာ တာဝန်ရှိနေတယ်၊ နောက်တစ်ခုက သူက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရပဲ စစ်တပ်က ဒါကို‌ဆွေးနွေးပိုင်ခွင့် မရှိဘူးလေ၊ ရခိုင်တောင်ပိုင်းဆိုတာကရော AA ကို အကုန်လက်ခံလားပေါ့၊ NLD နိုင်တဲ့နေရာတွေ အားလုံးက AA ကို လက်မခံဘူးပဲ ပြောကြပါစို့၊ ရှိတော့ ရှိမှာပေါ့ သူ့ကိုထောက်ခံတဲ့သူ သို့သော် အများစုမဟုတ်ဘူး။ ဒီအတွက်ကြောင့်မို့လို့ သူကလည်း မဖြစ်နိုင်တဲ့ဟာ တောင်းဆိုတယ်၊ စောဘဦးကြီးလို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီ၊ ဧရာဝတီတိုင်းကို ကရင်ပြည်နယ် တောင်းသလိုပေါ့နော်၊ မဖြစ်နိုင်တာ သွားတောင်း နောက်ဆုံးတော့ ဒါက သွေးထွက်သံယိုနဲ့ပဲ အဆုံးသတ်မှာပေါ့နော်” ဟု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး မေလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မြန်မာ့တပ်မတော်၏ တပ်ရင်း၊ တပ်စခန်း၊ ဗျူဟာများအားလုံးကို AA က သိမ်းပိုက်လိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် AA က ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်စသည့် မြို့နယ်များကို ထိန်း ထားသည်။