CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၅

လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားအရ တွေ့ဆုံဆွေးနွေးမှုမှာ အဖြေမှန်မရရှိနိုင်၍ စစ်ရေးနည်းလမ်းကို စဉ်းစားရခြင်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးအရ ပြည်တွင်းပြဿနာကို တွေ့ဆုံဆွေးနွေးရမှာဖြစ်ကြောင်း၊ လက်ရှိ အနေအထားအရ တိုက်ခိုက် ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “နိုင်ငံရေးဖက်က ကြည့်လို့ရှိရင် ဆွေးနွေးရမှာပဲ ပြည်တွင်းပြဿနာကို အဖြေမှန်ရှာဖို့ အတွက်ကတော့ ဆွေးနွေးရမှာ သို့သော်လည်းပဲ မင်းအောင်လှိုင်တို့ပေါ့နော်၊ မြန်မာ့တပ်မတော် သူတို့ရဲ့ ဘယ်လို ပြောမလဲ သူတို့ အမြဲတမ်းလုပ်နေတဲ့ အဲဒီပြဿနာ ပြန်ကြည့်မယ်ဆိုရင်တော့ ခုလောလောဆယ်က တွေ့ဆုံ ဆွေးနွေးလို့ အဖြေမှန် ထွက်မယ်လို့ ကျနော် မထင်ပါဘူး။ နည်းနည်းတော့ တိုက်ရမယ်ထင်တယ်၊ ဒါက ကျနော် အမြင်ပါ၊ KIO ရဲ့ သဘောထားကတော့ မဟုတ်ဘူး။ ကျနော့် အတွေ့အကြုံအရတော့ သူတို့လည်း ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေးတွေကို ဘယ်တော့မှ သေသေချာချာ ထဲထဲဝင်ဝင် စဉ်းစားပြီးမှ မဆွေးနွေးဘူးလေ၊ အဲဒါကြောင့် စစ်ရေးနဲ့ ယနေ့ စဉ်းစားရမယ်လို့ ကျနော်ထင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရယူခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် စသဖြင့် လက်နက်စွဲကိုင်တော်လှန်မှုကြောင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ဟောင်းနဲ့ KIA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကိုတွေ့ရစဉ်

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲခဲ့သော နိုင်ငံရေး အခင်းအကျင်းများ အရ နယ်စပ်ဒေသတွင် သာမကဘဲ ပြည်မဒေသများအထိပါ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။

လက်ရှိတွင် KIA/KIO သည် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်း၊ စစ်ဆင်ရေးများ ပူးပေါင်းဖော်ဆောင်ခြင်းများဖြင့် မြန်မာ့တပ်မတော်ကို ဖိအားပေးလျက်ရှိသည်။

လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အခြေခံဥပဒေအရ ရပိုင်ခွင့်များ ပြဋ္ဌာန်းပေးရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူများကို ညှိနှိုင်းနိုင်မည့် ညီလာခံတစ်ခု လိုအပ် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ တရုတ်အထူးကိုယ်စားလှယ်ဟောင်းနဲ့ ကုလသံတမန်ဟောင်းကို တွေ့ရစဉ်

၎င်းက “ဒီလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့အတွက် ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းသည် အခြေခံ ဥပဒေအရ ရပိုင်ခွင့်၊ တာဝန်၊ ခံစားပိုင်ခွင့် စသည်ဖြင့်ပေါ့ဗျာ၊ ဒါတွေကို ကျနော်တို့ ပြဋ္ဌာန်းပေးရမှာ ဖြစ်တယ်၊ မြန်မာ့တပ်မတော်ရဲ့ အနေအထားကိုလည်းပဲ စုစုစည်းစည်းနဲ့ ပဋိပက္ခနည်းတဲ့ဟာဖြင့် စုစည်းနိုင်ဖို့ကလည်း အခြေခံဥပဒေပဲရှိတယ်၊ အခြေခံဥပဒေအရပဲ ထွက်ပေါက် တစ်လမ်းပဲရှိတယ်လို့ ကျနော်တို့ သုံးသပ်တယ်၊ အဲဒီလို ဖြစ်ဖို့အတွက် အသွင်မတူတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး နိုင်ငံရေးအားဖြင့် သဘောထား မတိုက်ဆိုင်တဲ့ အားလုံးပေါ့ဗျာ၊ ညှိနှိုင်းနိုင်တဲ့ နေရာတစ်ခုကတော့ လိုတယ်၊ အဲဒါကတော့ အခြေခံမူတွေကို ညှိနှိုင်းနိုင်မယ့် ညီလာခံကြီးတစ်ခု အဲဒီညီလာခံကြီးတစ်ခုကို နစကဖက်က ဖွင့်ပေးမှာလား၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါလာအောင် နိုင်ငံပတ်လည်မှာရှိတဲ့ ကျနော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေ ဖက်ကရော အဲဒီဖက်ကို အားပေးမှာ လားဆိုတဲ့ အနေအထားကတော့ လာမယ့် ကာလမှာပဲ သုံးသပ်ရမှာဖြစ်တော့ အဲဒီတစ်ခုကို ကျနော်တို့ မြင်တယ် ဗျ၊ ညှိနှိုင်းမှုကနေသွားမယ့် အခြေခံမူပေါ့ဗျာ၊ အဲဒီနည်းပဲ ကျနော်တို့ လိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

လက်ရှိ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေကြသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေး ကြွေးကြော် လှုပ်ရှားလျက်ရှိနေသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေး ပါတီအချို့မှာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။