CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၈

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းအုပ်စုအတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ပူးပေါင်းတပ်ဖွဲ့ ကြား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Tai Freedom မှ ဖော်ပြခဲ့သည်။

Tai Freedom သည် RCSS ထူထောင်ထားသော သတင်းပြန်ကြားရေးဌာနဖြစ်သည်။

မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲက SSPP-UWSA တပ်ဖွဲ့တို့သည် ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအုပ် စု၊ နားစံကျေးရွာမြောက်ဘက်တွင် လှုပ်ရှားလျက်ရှိသော RCSS တပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် UWSA က သံလွင်မြစ် အနောက်ခြမ်းကို စစ်အင်အားဖြည့်တွင်းလျက်ရှိသလို မြန်မာ့တပ်မတော်က အင်အား ၃၅၀ ခန့်ပါသော စစ်ကြောင်းကလည်း RCSS ထံ ထိုးဆင်စစ်နေသည့်အတွက် စစ်ရေးတင်းမာလျက်ရှိ သည်ဟု Tai Freedom က ဖော်ပြထားသည်။

လတ်တလောတွင် RCSS က နားစံကျေးရွာအနီးကနေ တပ်ဆုတ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က SSPP-UWSA ဘက်ကနေ ကူညီတိုက်ခိုက်ပေးနေခြင်းမှာ မဖြစ်နိုင်ကြောင်း၊ SSPP ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး၍ မရတော့ခြင်းကြောင့် မြန်မာ့တပ်မတော်ကို စစ်တိုက်ရတော့မည်ဟု မကြာသေးခင်က ပြောကြားထားကြောင်း စစ်ရေးအကဲခတ်တစ်ဦးက ထောက်ပြသည်။

RCSS နှင့် SSPP သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့က နှစ်ဖက်အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး SSPP-UWSA ကတော့ NCA ထိုးထားခြင်း မရှိသေးပေ။

#RCSS #SSPP #UWSA #ရှမ်းပြည်နယ် #ရပ်စောက်မြို့ #နိုင်ငံရေး #CNImyanmar #cninews