CNI International News

ဘန်ကောက်၊ မေလ ၁၈

ထိုင်းနှင့် တရုတ်အကြား ယခုသီတင်းပတ် အစောပိုင်းက ရေငုပ်သင်္ဘော ရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီးနောက် တော်ဝင်ထိုင်းရေတပ် (RTN) သည် တရုတ်နိုင်ငံထံမှ ဘတ် ၁၃ ဒသမ ၅ ဘီလျံတန်ကြေးရှိ ရေငုပ်သင်္ဘောတစ်စင်း ဝယ်ယူရေးအစီအစဉ်ကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang) ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆွမ်ဆက ရန်စီတာ (Somsak Rungsita) သည် မေလ ၁၄ ရက်က တရုတ်၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဗျူရို၏ လက်ထောက် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ရှီရှောင်နင် (Shi Xion Ning) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။

နောက်တစ်ရက်မှာပင် ရေငုပ်သင်္ဘော ရောင်းဝယ်ရေးနှင့် ပတ်သက်ပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့သည် မစ္စတာ ဆူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောနောက်ခံနဲ့ ထိုင်း-တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိများကိုတွေ့ရစဉ်

ထိုတွေ့ဆုံမှုများတွင် နှစ်ဖက်စလုံးက S26T ယူအန် အမျိုးအစား ရေငုပ်သင်္ဘော တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

“နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကြောင့် ပြဿနာက ပြေလည်သွားပါပြီ” ဟု ထိုသတင်းရင်း မြစ်က ပြောကြားခဲ့သည်။ 

ဂျာမန်လုပ် MTU396 အင်ဂျင်နေရာကို အစားထိုးရန် ထိုရေငုပ်သင်္ဘောတွင် CHD620 လျှပ်စစ်မီးစက်ကို တပ်ဆင် သွားရန်လည်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်။

“CHD620 က ရေငုပ်သင်္ဘောမှာသုံးတဲ့ လျှပ်စစ်မီးစက် ဖြစ်ပါတယ်။ အင်ဂျင်သဘောမျိုးတော့ မဟုတ်ပါဘူး” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။

ထိုင်းရေတပ်သည် ယခင်ကလည်း တရုတ်တွင် CHD620 မီးစက် စမ်းသပ်မှုကို လေ့လာကြည့်ရှုရန် လုပ်ငန်း တာဝန်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

ရေငုပ်သင်္ဘောရဲ့အတွင်းပိုင်း ဖွဲ့စည်းပုံကို ပြသထားစဉ်

ယခင်က CHD620 ကို တစ်ခါမှ အသုံးပြုခဲ့ဖူးခြင်း မရှိသည့်တိုင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုမီးစက် ကို စက်မှုလုပ်ငန်းသုံး အတည်ပြု ထောက်ခံချက် ထုတ်ပေးခဲ့သည်။

ထို့ပြင် ထိုမီးစက်သည် လန်ဒန်အခြေစိုက် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ အမျိုးအစား သတ်မှတ်ရေး အဖွဲ့ဖြစ်သည့် Lloyd’s Refister ထံမှ ထောက်ခံချက်လည်း ရရှိထားသည်။

ပါကစ္စတန်နိုင်ငံသည်လည်း တရုတ်မှ ဝယ်ယူထားသည့် ရေငုပ်သင်္ဘော တစ်စစင်းတွင် ဂျာမန်လုပ် အင်ဂျင်နေရာ ကို CHD620  ဖြင့် အစားထိုးရန် တရုတ်နှင့် သဘောတူညီမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်