CNI International News

ဒါကာ၊ မေလ ၂၉

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ၏ နယ်နိမိတ်များကိုဖဲ့ယူပြီး အရှေ့တီမောကဲ့သို့ ခရစ်ယာန်နိုင်ငံအသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်းသည့် ပူးပေါင်းကြံစည်မှု တစ်ခုရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) က ပြောကြားခဲ့ကြောင်း The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုကြိုးပမ်းမှုကို ခွင့်ပြုမည်မဟုတ်ကြောင်း သူမက ပြောသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အတွင်း လေတပ်စခန်းတစ်ခု ထူထောင်ရန် ပြည်ပနိုင်ငံတစ်နိုင်ငံကို ခွင့်ပြုပေး မည်ဆိုလျှင် ဇန်နဝါရီ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ အတားအဆီးမရှိ ပြန်လည်ရွေးကောက်ခံရလိမ့် မည်ဆိုသည့် ကမ်းလှမ်းချက်ကိုလည်း လက်ခံရရှိခဲ့သည်ဟု ဟာစီနာက ပြောသည်။

သို့သော်လည်း မည်သည့်နိုင်ငံက ၎င်းကို ထိုကဲ့သို့ ကမ်းလှမ်းခဲ့သည်ဆိုခြင်းကိုတော့ ဟာစီနာက ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိပေ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ကို တွေ့ရစဉ်

အာဝါမီလိဂ်ပါတီဥက္ကဋ္ဌ ဖြစ်သူ ရှိတ်ဟာနီနာသည် မေလ ၂၆ ရက်က ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်ခဲ့သည့် ၁၄ ပါတီ အစည်းအဝေး၌ မိန့်ခွန်းပြောကြားချိန်အတွင်း အဆိုပါ မှတ်ချက်စကားများကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ရှိတ်ဟာစီနာက သူသည် ပြည်တွင်း/ပြည်ပ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး လျှို့ဝှက်ပူးပေါင်းကြံစည်မှုသည် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း အလေးထား ပြောဆိုခဲ့သည်ဟု ဒေသခံမီဒီယာဖြစ်သည့် United News of Bangladesh မှ ဖော်ပြခဲ့သည်။

"သူတို့တွေက အရှေ့တီမောလိုမျိုး ခရစ်ယာန်နိုင်ငံတစ်ခု ထူထောင်ပါလိမ့်မယ်။ အဲဒီနယ်မြေတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရဲ့နယ်နိမိတ်တွေ ပါဝင်နေပြီး ဘင်္ဂလားပင်လယ်အော်မှာ စခန်းတစ်ခုလည်း တည်ဆောက်ချင်နေကြပါတယ်" ဟု ရှိတ်ဟာစီနာက ပြောသည်။

ရှေးယခင်ကာလများကတည်းက ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာတွင် စီးပွားရေး လှုပ်ရှားမှုများ မြင့်တက်ခဲ့သည်ဟု ရှိတ်ဟာစီနာက ဆိုသည်။

 မြန်မာနယ်ခြားစောင့်တပ်က ကင်းလှည့်နေစဉ်

"သူတို့တွေက အဲဒီနေရာကို မျက်စိကျနေကြပါတယ်။ ဘာမှတော့ အငြင်းပွားစရာမရှိပါဘူး။ ကျမကလည်း ဒါမျိုးအဖြစ်ခံမှာ မဟုတ်ပါဘူး။ သူတို့တွေကတော့ ကျမကို ပြဿနာတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်" ဟု ရှိတ်ဟာစီနာက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လေတပ်စခန်း တည်ဆောက်ခွင့်ပြုရန် ကမ်းလှမ်းခဲ့သူသည် လူဖြူအမျိုးသားတစ်ဦး ဖြစ်ကြောင်း ရှိတ်ဟာစီနာက ထပ်လောင်းပြောဆိုခဲ့သည်။

သို့သော် ထိုကမ်းလှမ်းမှုကို လက်မခံခဲ့သဖြင့် အဝါမီလိဂ်ပါတီက ဦးဆောင်သည့် မိမိတို့ အစိုးရအဖွဲ့သည် ပြဿနာ အရှာခံနေရကြောင်း၊ လေတပ်စခန်းကို ဆောက်လုပ်ခွင့် ပြုမည်ဆိုပါက ဘာပြဿနာမှ ရှိလာတော့မည် မဟုတ်ကြောင်း ရှိတ်ဟာစီနာက ပြောကြားခဲ့သည်။

ထို့ပြင် အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီသည် ရွေးကောက်ပွဲကို ဟန့်တားရန် ကြံစည် ခဲ့သည်ဟုလည်း ရှိတ်ဟာစီနာက စွပ်စွဲပြောကြားခဲ့သည်။

Source: The Print