CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်မှု အငွေ့အသက်များကင်းစင်အောင် မိမိတို့အနေဖြင့် ဆောင်ရွက် ရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုမှတဆင့် လက်နက်ကိုင်အကြမ်းဖက် ဖျက်ဆီး မှုများအထိ ဖြစ်ပေါ်လာခဲ့သဖြင့် အချို့သော မြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာ၍ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့သော ဒေသများ၌ အကြမ်းဖက်မှုများဖြစ်ပေါ် နေဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မည်သည့်နေရာ၌မဆို လွတ်လပ်စွာဖြင့် သွားလာ၍ ရသည်ကို တွေ့မြင်ရကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက် ကို ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန်ကြံစည်ဆောင်ရွက်လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမပြတ် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်များ ကင်းစင်အောင် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်လို ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည်”ဟု ပြောသည်။

သန်လျင်တံတားဖွင့်ပွဲကို ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ရန် ကြိုးပမ်းသူများ ဖမ်းဆီးခံရစဉ်

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်တွင် လုံခြုံမှုနှင့်တည်ငြိမ်မှု ရှိရန် လိုကြောင်း ၎င်းက ပြောသည်။

နစက၏ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေး ချမ်းရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ ဂရုပြုဆောင်ရွက်ရန်လိုအပ်မှုနှင့် စစ်ဆေးရေးဂိတ်များ စနစ် တကျဖြစ်ရန်လိုအပ်မှု အခြေအနေများကို ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်ကို ဆက်သွယ်ထားသော သန်လျင်တံ တား အမှတ်(၃)ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ခဲ့ရာ ရန်ကုန် UG အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။

အဆိုပါ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲ အခမ်းအနားကို တိုက်ခိုက်ရန် ကြိုးပမ်း သည့် ၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ညွန်ကြားသူနှင့် သင်တန်းပေးသူ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည် ဟု နစက-က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။