CNI International News

အစ္စလာမ်မာဘက်၊ ဇွန်လ ၁၁

ပါကစ္စတန်တွင် စည်းကမ်းထိန်းချုပ်မှု ကင်းမဲ့သည့် လက်နက်ကုန်ကူးမှုများကြောင့် နိုင်ငံအတွင်း လုံခြုံရေး အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်ဟု Khaama သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။

ပါကစ္စတန်တွင် စက်သေနတ် အသေးစားဖြစ်သည့် SMG အမျိုးအစား သေနတ်များနှင့် အခြားတားမြစ်ထားသည့် လက်နက်များအတွက် လိုင်စင်ပေါင်း ၁၁၇,၄၇၉ ခုအထိ အံ့အားသင့်ဖွယ် ထုတ်ပေးထားခဲ့ပြီး ထိုလက်နက်များထဲမှ ၁၁၄,၉၄၆ လက်သည် ပုဂ္ဂလိကလက်ထဲတွင် ရှိနေသည်။

ထိုအချက်အလက်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်က ပါကစ္စတန်တရားရုံးချုပ်တွင် ကြားနာစစ်ဆေးမှုအတွင်း ဖက်ဒရယ်အစိုးရက ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်ကာ ထိုကဲ့သို့ အန္တရာယ်များသည့် လက်နက်များ ပျံ့နှံ့နေမှု အခြေအနေကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

တရားရုံးချုပ်၏ တရားသူကြီးချုပ် ကာဇီ ဖာအက်ဇ် အစ္စာ (Qazi Faez Isa) ကလည်း ထိုလက်နက်များကို အများ ပြည်သူများ၏ လက်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေမှုအား အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

မေလ ၂၁ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက လက်နက်ကုန်ကူးသူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ သိမ်းဆည်းထားသည့် လိုင်စင်မဲ့လက်နက်များကို သိမ်းဆည်းရမိခဲ့သည်။

ထိုလက်နက်များကို ခိုင်ဘာ ပက်ခ်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်၊ ဒါရာအဒမ်ခဲလ် (Darra Adam Khel) မြို့မှ ကရာချီ (Karachi) မြို့သို့ မှောင်ခိုကူးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူ ၂ ဦးက ထွက်ဆိုခဲ့သည်။

လက်နက်ခဲယမ်းများကိုတွေ့ရစဉ်

ထိုလက်နက်များကို ပိုင်ဆိုင်သည့် ခိုင်ဘာပက်ခ်ထန်ခါဝါပြည်နယ်ရှိ ကုမ္ပဏီများသည် ၎င်းတို့၏ ဖောက်သည် များကို အွန်လိုင်းမှတဆင့် လက်နက်များ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သံသယရှိသူ ၂ ဦးက ထွက်ဆိုခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနသည် ကရာချီမြို့သို့ လက်နက်မှောင်ခို ကူးမှုတွင် ပါဝင်ပတ်သက်သည့် ခိုင်ဘာပက်ခ်ထန်ခါဝါရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံခဲ့ရသည့် ရဲအရာရှိသည် လက်နက်မှောင်ခိုကူးသည့် ဂိုဏ်းများနှင့် ပတ်သက်မှုရှိနေပြီး ကျောင်းသားများ အသုံးပြုသည့် လွယ်အိတ်များထဲတွင် လက်နက်ငယ်များထည့််ပြီး သိမ်းဆီးထားခဲ့သည်ကို အာဏာပိုင်များက တွေ့ရှိခဲ့သည်။

ထို့ကြောင့် ပါကစ္စတန်တွင် လိုင်စင်မဲ့ သေနတ်များ ပြန့်နှံ့နေမှုနှင့် အချို့လက်နက် မှောင်ခိုကူးမှုများတွင် ရဲအရာရှိများပင် ပါဝင်နေသဖြင့် အများပြည်သူလုံခြုံရေးအတွက် အလွန်စိုးရိမ်စရာ ဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

Source: Khaama