CNI International News

ဘန်ကောက်၊ ဇွန်လ ၁၂

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် တော်ဝင်အသရေဖျက်မှု စွဲချက်ဖြင့် စွပ်စွဲပြစ်တင်ခံရမှုကို ရှောင်လွှဲရန် ကြိုပမ်းမှုတစ်ခုအဖြစ် သက်ဆင်၏ ရှေ့နေများသည် ထိုစွပ်စွဲချက်ကို ပြန်လည် သုံးသပ်ပေးရန် ပြီးခဲ့သည့်သီတင်းပတ်က အစိုးရရှေ့နေချုပ်အား အသနားခံစာ တင်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

သက်ဆင်သည် ဇွန်လ ၁၈ ရက်တွင် ပြစ်မှုဆိုင်ရာတရားရုံး၌ ကြားနာစစ်ဆေးခံရမည်ဖြစ်သည်။ 

သူသည် ယခင်က ကြားနာစစ်ဆေးမှု ခံယူရန် သတ်မှတ်ထားသည့် ရက်ဖြစ်သော မေလ ၂၉ ရက်က တရားခွင်သို့ လာရောက်နိုင်ခြင်းမရှိခဲ့ဘဲ ထိုအချိန်က COVID-19 ကူးစက်ခံရထားကြောင်း သက်ဆင်က ထွက်ဆိုခဲ့သည်။

သက်ဆင်သည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား မီဒီယာတစ်ခုနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထိုင်းဘုရင် စနစ်အား ဝေဖန်စော်ကားသည်ဟု ယူဆရသည့် မှတ်ချက်စကားများ ပြောကြားမှု၊ ကွန်ပျူတာ ရာဇဝတ်မှုအက် ဥပဒေကို ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုရန် အစိုးရရှေ့နေချုပ် အမ်နက် ခက်ချာရွန်နက် (Amnat Chetcharoenrak) က ဆုံးဖြတ်ခဲ့သည်။

ထိုင်းဘုရင်မိသားစုကို တွေ့ရစဉ်

သက်ဆင်၏ ရှေ့နေများက တင်သွင်းသည့် အသနားခံစာတွင် ထိုအမှုကို စုံစမ်းစစ်ဆေးသော  အစိုးရရှေ့နေချုပ် ဟောင်း တရာကူလ် ဝင်နစ်ချိုင်ပက် (Trakul Winitchaipark) ဦးဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မတီ သည် လွတ်လပ်မှု မရှိကြောင်းနှင့် ၎င်းအား တရားစွဲဆိုရန် ယခင်စစ်အစိုးရ၏ ခြိမ်းခြောက်အကျပ်ကိုင်မှုကို ခံခဲ့ရကြောင်း သက်ဆင်က ထွက်ဆိုထားသည်။ 

ဇွန်လ ၈ ရက်ကလည်း သက်ဆင်က သူသည် တော်ဝင်အသရေဖျက်မှုဥပဒေနှင့် ပတ်သက်ပြီး လွတ်လပ်မှုမရှိ သည့် စုံစမ်းစစ်ဆေးရေး အရာရှိများ၏ တရားမျှတမှုမရှိသော တရားစွဲဆိုမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း မီဒီယာ များကို ပြောကြားခဲ့သည်။

ထိုစွဲချက်သည် အဆိပ်ပင်မှ အဆိပ်သီးတစ်လုံး ဖြစ်သည်ဟု သက်ဆင်က ခိုင်းနှိုင်းပြောဆိုခဲ့သည်။

ဇွန်လ ၁၁ ရက်က အစိုးရရှေ့နေချုပ်ဟောင်း တရာကူလ်ကမူ သက်ဆင်၏ ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။ 

"ယောကျ်ားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတည်ပြုရမယ်ဆိုရင် အစိုးရရှေ့နေချုပ်အဖြစ် ကျနော် တာဝန် ထမ်းဆောင်ခဲ့ချိန်က ပြစ်မှုဆိုင်ရာ လုပ်ထုံလုပ်နည်းဥပဒေရဲ့ ပိုဒ်ခွဲ ၂၀ နဲ့အညီ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ တာပါ။ ဘယ်သူကမှ ကျနော့်ကို ခြိမ်းခြောက် အကျပ်ကိုင်တာမျိုး မရှိခဲ့ပါဘူး" ဟု တရာကူလ်က Facebook တွင် ရေးသားခဲ့သည်။

Source: Thai PBS World