CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur တို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးမြှင့်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့ သည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျွမ်းကျင်လုပ်သားနှင့် လူသားအရင်းအမြစ်များ စနစ်တကျ မွေးထုတ်ပေးနိုင်ရေးတို့ကိုလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အိန္ဒိယသံအမတ်တို့ ဆွေးနွေးခဲ့ကြသည်။

လက်ရှိ မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အပါအဝင် ချင်းပြည်နယ်၊ တီးတိန်၊ ပလက်ဝမြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံထဲသို့ မြန်မာတိုက်ပွဲရှောင်များ ဝင်ရောက်ခိုလှုံနေကြရသလို နယ်စပ် ဒေသ တည်ငြိမ်မှုများ အားနည်းလာပြီး ကုန်သွယ်ရေးများလည်း ရပ်တန့်နေသည်။

ထို့အပြင် အိန္ဒိယအစိုးရသည် မြန်မာဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည့် နာဂနှင့် ကသည်း သူပုန်များအား မြန်မာ့တပ်မတော်မှ ရှင်းလင်းပေးစေလိုကြောင်း သဘောထားရှိနေသည်။