CNI International News

ရန်ကုန်၊ ဩဂုတ် ၂၅

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းသည် ရန်ကုန်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက ဩဂုတ် ၂၅ ရက် မွန်းလွဲပိုင်းတွင် ရေးသားထားသည်။

မစ္စဘိုးမန်းနှင့် ခင်ပွန်းတို့သည် ဩဂုတ် ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ ၎င်းတို့နေအိမ်တွင် ဖမ်းဆီးခံခဲ့ရပြီး လူဝင်မှု ကြီးကြပ်ရေး(လဝက)ဉပဒေ ချိုးဖောက်မှု စွဲချက်ဖြင့် ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဘီဘီစီသို့ ပြောသည်။

ရန်ကုန်မြို့အခြေစိုက် Myanmar Center for Responsible Business (MCRB) အဖွဲ့ ဦးဆောင်နေသူ မစ္စဘိုးမန်း ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မိမိတို့ ကောင်စစ်ဝန်ထံမှ အကူအညီပေးအပ်နေကြောင်း ရန်ကုန်ရှိ ဗြိတိန်သံရုံးက ပြောသည်။

၎င်းသည် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အရှေ့တောင်အာရှဒေသရှိ မြန်မာနိုင်ငံတွင် ဗြိတိန်သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း 

မစ္စဘိုးမန်းသည် မြန်မာလူမျိုး အနုပညာရှင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီဆရာ ကိုထိန်လင်းနှင့် လက်ထပ် ထားသည်။

MCRB အဖွဲ့သည် မြန်မာနိုင်ငံတစ်ဝန်း တာဝန်သိ စီးပွားရေး လုပ်ငန်းများကို အားပေးကူညီရန် အစပျိုး လုပ်ကိုင် နေသည်ဟု သိရသည်။

၎င်းအဖွဲ့သည် လူ့အခွင့်အ‌ရေး စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော IHRB နှင့် ပူးပေါင်းဆောင်ရွက်နေပြီး နေ့စဉ်လုပ်ငန်းခွင်များ၌ လူ့အခွင့်အရေး လေးစားလိုက်နာစေရန်ဟူသော ရည်ရွယ်ချက်ကို ချမှတ်ထားသည်။

မြန်မာ့တပ်မတော်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် အစွပ်စွဲခံထားရသည်။

ယခုလ အစောပိုင်းတွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ အရေးပေါ် အခြေအနေ ကြေညာချက်ကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပြီး ပြည်တွင်း၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ခံထားရသော အစိုးရကို ဖြုတ်ချပြီးနောက် ယမန်နှစ်တွင် မြန်မာ့တပ်မတော်က အာဏာရယူခဲ့သည်။

Source: BBC