CNI International News

ကိယပ်ဗ်၊ မတ်လ ၂၃

သွေးစွန်းနေခဲ့ရသည့် မာရီယူပေါလ်ဆိပ်ကမ်းမြို့သို့ လာသည့် လူသားချင်းစာနာမှုဆိုင်ရာ မော်တော်ယာဉ်တန်း တစ်ခုမှ ကယ်ဆယ်ရေးလုပ်သား ၁၅ ဦးနှင့် ယာဉ်မောင်းများကို ရုရှားတို့က ဖမ်းဆီးသွားခဲ့ကြောင်း ယူကရိန်း ခေါင်းဆောင်များက စွပ်စွဲခဲ့သည်ဟု အေပီက မတ်လ ၂၃ ရက် (ယနေ့)၌ သတင်းဖော်ပြခဲ့သည်။

အဆိုပါမြို့သည် ရက်သတ္တပတ်အတန်ကြာအောင် လေကြောင်းဗုံးကြဲခြင်း၊ မြေပြင်ပစ်ခတ်ခြင်းနှင့် ရေတပ်မှ တိုက်ခိုက်ခြင်းတို့ကို ခံစားခဲ့ရသည်။

ရုရှားသည် တစ်လနီးပါးကြာအောင် ယူကရိန်းမြို့များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ပွဲအတွင်း အဆိုးဝါးဆုံး ပျက်စီး ခဲ့ရသည့် မြင်ကွင်းများမှာ မာရီယူပေါလ်မြို့တွင် ဆက်ရှိနေခဲ့ပြီး အရပ်သား တစ်သိန်းကျော် ပိတ်မိနေသေး ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ခန့်မှန်းပြောကြားခဲ့သည်။

ပိုလန်နိုင်ငံဘက်သို့ ထွက်ပြေးလာသူ အသက် ၃၉ နှစ်အရွယ်ရှိ ဗစ်တိုးရီးယားတော့ဆန်က “ပြီးခဲ့တဲ့ ရက် ၂၀ လုံး လုံး သူတို့က ကျနော်တို့အပေါ် ဗုံးကြဲခဲ့တယ်။ အရင် ၅ ရက်လောက်မှာတော့ လေယာဉ်တွေက ၅ စက္ကန့်တိုင်း ကျနော်တို့မြို့ပေါ်ပျံတက်ပြီး လူနေအိမ်တွေ၊ မူလတန်းကျောင်းတွေ၊ အနုပညာကျောင်းတွေအပါအဝင် နေရာတိုင်း ကို ဗုံးကြဲပါတယ်” ဟု ပြောကြားခဲ့သည်။

ဇာလန်းစကီးသည် တိုင်းပြည်သို့ ညစဉ်ပြောကြားသည့်မိန့်ခွန်းကို မတ်လ ၂၂ ရက်တွင်လည်း ပုံမှန်ပြောကြားခဲ့ရာ နှစ်ဘက်သဘောတူထားသည့် လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် ထောက်ပံ့ကူညီရေးယာဉ်တန်းကို ရုရှား တပ်ဖွဲ့များက သတ်မှတ်ချိန်မတိုင်မီ ပိတ်ဆို့ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

“ကျနော်တို့ မာရီယူပေါလ်မြို့ခံပြည်သူတွေအတွက် စိတ်ချရတဲ့ လူသားချင်းစာနာမှုစင်္ကြန်လမ်းတွေ ကြိုးစားခဲ့ ပေမယ့်လည်း ကံမကောင်းချင်တော့ ကျနော်တို့ကြိုးစားခဲ့ရတာ အားလုံးနီးပါးကို ရုရှားကျူးကျော်သူတွေက တမင်တကာအကြမ်းဖက်တာကြောင့် သုံးမရဖြစ်ခဲ့ရပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

အဆိုပါမြို့သို့ ရောက်ရှိဖို့ ကြိုးစားခဲ့သည့် လူသားချင်းစာနာမှုအကူအညီယာဉ်တန်းသည် မြို့တွင်း ဝင်ရောက် နိုင်ခဲ့ခြင်းမရှိကြောင်း ကြက်ခြေနီအဖွဲ့က အတည်ပြုခဲ့သည်။

မာရီယူပေါလ်မြို့ကို ရုရှားတို့က လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများ ရက်သတ္တပတ်အတန်ကြာ လုပ်ဆောင် ခဲ့ပြီးနောက် ရေတပ်ဖြင့်ပါ ပစ်ခတ်လာခဲ့ရာ အကူအညီပေးရေးအထူးလိုအပ်လာကြောင်း အမေရိကန် အစိုးရ ဘက်က ပြောကြားခဲ့သည်။

အေဇော့ပင်လယ်ပြင်မှ ရုရှားစစ်သင်္ဘောများသည် မာရီယူပေါလ်မြို့တွင်းသို့ အဝေးမှ ပစ်ခတ်မှုများ ရှိနေခဲ့ ကြောင်း အမေရိကန်ကာကွယ်ရေးအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါပင်လယ်ထဲတွင် ကမ်းတက်ရေယာဉ်နှစ်စင်းအပါအဝင် ရုရှားစစ်သင်္ဘော ၇ စင်းခန့် ချထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် မတ်လ ၂၄ ရက် (မနက်ဖြန်) တွင် ကျင်းပမည့် မြောက်အတ္တလန္တိတ်စစ် စာချုပ်အဖွဲ့(နေတိုး)အရေးပေါ်အစည်းအဝေးအတွက် ဥရောပသို့ သွားရောက်မည်ဖြစ်သည်။

Source: AP