CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၈

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်သည့် မြောက်ဦးမြို့မှ နန်းတော်ရာကုန်းတွင် နာရီစင် တည်ဆောက်ရန် လုပ်ဆောင်နေခြင်းကြောင့် ထိုတည်ဆောက်ရေး ကုန်ကျမည့် ဘတ်ဂျက်အား မြောက်ဦးမြို့ ပြုပြင်ထိန်းသိမ်းရေး နေရာတွင် အသုံးပြုသင့်ကြောင်း ရှေးဟောင်း အမွေအနှစ်‌ စောင့်ရှောက်ရေးအသင်းနှင့် ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်သည့် အတွက် ပြုပြင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လုပ်ရမည်မှာ အများအပြားရှိကြောင်း ‌မြောက်ဦးဒေသခံ ကိုဇော်ထွန်း က ပြောသည်။

ကိုဇော်ထွန်းက “ကျနော်တို့ အမှိုက်ကိစ္စရှိတယ်။ ရှင်းလို့ လုံးဝမပြီးနိုင်တဲ့ကိစ္စ။ နောက်တစ်ခါ ကျူးကျော်ကိစ္စတွေ ရှိတယ်။ အခြား ရှေးဟောင်း အမွေအနှစ်တွေ အလွန်တရာမှာ ပျက်စီးနေတဲ့ အပိုင်းတွေကို ကျနော်တို့ ပြန်လည်ထိန်းသိမ်း ပြုပြင်ရ မယ့် အပိုင်းတွေရှိတယ်။ နောက်တစ်ခါ အဲဒီထက်မက လုပ်ပေးချင်တယ်ဆိုရင်တော့ ကျနော်တို့ မြောက်ဦးမြို့ကို အရင်တုန်း က လေယာဉ်ကွင်း စီမံကိန်းတို့ ရှိတယ်၊ မြို့သစ်စီမံကိန်းတို့ ရှိတယ်။ အဲဒီမြို့သစ် စီမံကိန်းလည်း ပေါ်မလာဘူး။ လေယာဉ် ကွင်း စီမံကိန်းလည်း ပေါ်မလာဘူး။ နောက်တစ်ခါ ဒီဘက်မှ တက်နေတဲ့ ကျူးကျော် ပြဿနာတွေ၊ အမှိုက်ပြဿနာတွေ ဘာ မှ မရှင်းဘူး။ လုပ်စရာတွေ အဲဒီလောက် များနေတာကိုမှ အဲဒီလို နာရီစင်ဆိုတဲ့ ကိစ္စမျိုးက ကျနော်တို့ စဉ်းစားလို့တောင် မရ ဘူး။ ဘယ်လိုပုံစံမျိုးနဲ့ စဉ်းစားပြီး ဆွေးနွေးကြတာလဲဆိုတာကို။ ရိုးရိုးသားသား မဟုတ်ဘဲနဲ့ အခြားရည်ရွယ်ချက် တစ်ခုခုနဲ့ များ လုပ်ကြသလားပေါ့ အဲဒီလိုမျိုးပဲ ထင်ပါတယ်”ဟု ပြောသည်။

အဆိုပါ နာရီစင်အား နန်းတော်ရာကုန်း အရှေ့ဖက်တွင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးကော်မတီ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးဒေသ နန်းတော်ရာကုန်း 

မြောက်ဦးဒေသသည် ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ် ဒေသတစ်ခု ဖြစ်သည့်အတွက် ရှေးဟောင်းနယ်မြေများတွင် တစ်စုံတစ်ခု ပြုလုပ်မည်ဆိုပါက ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်၊ ပျက်စီးမှု ရှိနိုင်၊ မရှိနိုင်အား ကနဦးစစ်ဆေးမှု HIA (Heritage impact assessment) ပြုလုပ်ရမည်ဖြစ်ကြောင်း မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က “အမှန်ကတော့ နာရီစင်က နန်းတော်ကုန်းနောက်ခံနဲ့ ဘယ်လိုမှ မဆောက်သင့်တဲ့ နေရာပေါ့။ နာရီစင် ဆောက်မယ့်ကိစ္စကို ကျနော်တို့ ကန့်ကွက်ထားတာပေါ့။ ပြည်နယ် အစည်းအဝေးမှာပေါ့။ ဒါမလုပ်သင့် ဘူးဆိုပြီး။ နာရီတစ်ခုတည်း မဟုတ်ဘူး ဒီမှာ HIA Heritage impact assessment ခေါ်တာပေါ့။ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက် စေမယ့် အတိုင်းအတာကို သေချာ မဆန်းစစ်ဘဲနဲ့ သူတို့က ဆုံးဖြတ်လိုက်တဲ့ကိစ္စပါ။ ပြည်နယ်အစိုးရရုံးမှာတော့ ကျနော်တို့ ကန့်ကွက်ထားတယ်။ ကမ္ဘာ့အမွေအနှစ် တင်တဲ့မြို့မှာ ဖြစ်ဖြစ်၊ အမျိုးသား အမွေအနှစ်ဖြစ် သတ်မှတ်ထားတဲ့ မြို့မှာပဲဖြစ်ဖြစ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နေရာမှာပဲဖြစ်ဖြစ် သူက တစ်ခုခုလုပ်မယ်ဆိုရင် အမွေအနှစ် ထိ ခိုက်မှု ဆန်းစစ်ချက် သက်ဆိုင်ရာ ပညာရှင်တွေနဲ့ပေါ့ ဆန်းစစ်ရပါတယ်။ အဲဒီလိုဆန်းစစ်ပြီးမှ အမွေအနှစ်ကို မထိလည်း မထိခိုက်အောင် တစ်ဖက်ကလည်း လိုအပ်ချက်ကို တစ်နည်းတစ်ဖုံ ပြောင်းလဲလို့ ရအောင်ပေါ့လေ။ အဲဒီလို မလုပ်တဲ့ အခါကျ တော့ အမွေအနှစ်ကို တိုက်ရိုက်ထိခိုက်နေတယ်”ဟု ပြောသည်။

မြောက်ဦးမြို့သည် ရခိုင်သမိုင်း၏ ထင်ရှားသည့် ရှေးဟောင်း အမွေအနှစ်များ စုဝေးတည်ရှိရာ မြို့တော်တစ်ခု ဖြစ်သည့်အပြင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီး လေးခေတ်အနက် နောက်ဆုံးခေတ်လည်း ဖြစ်သည်။

မြောက်ဦးဒေသအား ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဝင်၊ မဝင် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ထို မတိုင်ခင် ယခုနှစ် (၂၀၂၂ ခုနှစ်) စက်တင်ဘာလ၊ အောက်တိုဘာလများ၌ ပညာရှင်များမှ ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။