CNI Article

၂၀၂၂ ခုနှစ်၊ သြဂုတ် ၇

မြန်မာနိုင်ငံရှိ အတိုက်အခံသမား ၄ ဦးကို နစက-က ကွပ်မျက်ပြီးနောက် တစ်ပတ်အကြာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် တွေ့ဆုံ၍ အစည်းအဝေး ကျင်းပခဲ့ကြသည်။

အဆိုပါ သတ်ဖြတ်မှုကို အာဆီယံက ဝေဖန်ခဲ့သည်။ တပ်မတော်က အာဏာရယူပြီးနောက် ဖြုတ်ချခဲ့သည့် ရွေးကောက်ခံ နိုင်ငံရေးသမားများ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိကျသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာ အတွက် တာဝန်ခံထားသည့် ၁၀ နိုင်ငံပါ အာဆီယံအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။ မြန်မာသည် ၁၉၉၇ ခုနှစ်ကတည်းက အာဆီယံအဖွဲ့ဝင် ဖြစ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာရယူပြီးနောက် လူထုဆန္ဒပြပွဲများနှင့် လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသည် အကျပ်အတည်း တစ်ရပ် ထဲ ကျရောက်သွားခဲ့သည်။

လအနည်းငယ် ကြာပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အထူးကျင်းပသော အာဆီယံအစည်းအဝေးသို့ နစက ခေါင်းဆောင်ကို ဖိတ်ကြားခဲ့ရပြီး အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် အကျပ်အတည်း ဖြေရှင်းရန် အချက် ၅ ချက်ပါ  အစီအစဉ်ကို သဘောတူစေခဲ့သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ဟု အမည်တပ်ထားသည့် စစ်တပ်သည် အချက်ငါးချက် သဘောတူညီမှုကို လျစ်လျူရှုခဲ့ပြီး အတိုက်အခံများကို ဆက်လက် နှိမ်နင်းရာမှာ သေဆုံးသူ ဦးရေသည် ၂၀၀၀ ကျော်အထိ တိုးလာခဲ့သည်။ SAC သည် အာဏာရယူမှုအတွင်း ဖယ်ရှားခံခဲ့ရသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့် မပြုပေ။

“အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ လူဦးရေတစ်ခုလုံးကို ဓားစာခံ ဖမ်းဆီးထားတဲ့ ရာဇ၀တ်မှု ဆိုင်ရာ အဖွဲ့အစည်း ဖြစ်လာကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များဆိုင်ရာ ဘုတ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ အီဗာဆန်းဒါရီက ပြောကြားခဲ့သည်။  

“အချက်ငါးချက်ပါ သဘောတူညီချက်ကို လိုက်နာဖို့ အချိန် အများကြီး ပေးထားပြီး ဖြစ်ပေမယ့် သဘောတူညီချက်ကိုရော၊ အာဆီယံကိုရော မလေးစားကြောင်း ပြသခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

 

အာဆီယံအဖွဲ့ကို ဘယ်လိုတည်ထောင်ခဲ့တာလဲ

********************************************

အာဆီယံကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ငါးနိုင်ငံများအဖြစ် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အမြုတေ ပါဝင်ခဲ့ကြသည်။ စစ်အေးတိုက်ပွဲ ဇာတ်ရှိန် အမြင့်ဆုံး အချိန်တွင် မကြာသေးမီက ကိုလိုနီအုပ်ချုပ်မှုမှ လွတ်မြောက်ခဲ့သော အရှေ့တောင်အာရှနိုင်ငံအချို့သည် ၎င်းတို့၏ ခက်ခက်ခဲခဲ ရရှိထားသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်လိုကြသည်။

မလေးရှားနိုင်ငံကို တည်ထောင်ခြင်းအား ဆန့်ကျင်မှုကိုလည်း  အင်ဒိုနီးရှားမှ စတင်ခဲ့သော 'ထိပ်တိုက်ရင်ဆိုင်မှု' ဖြင့် စံနမူပြု ပေးထားသည့် ဒေသတွင်း နာကျင်ခံစားမှုများလည်း ရှိခဲ့ပါသည်။

ရလဒ်အနေဖြင့် အာဆီယံအသင်း၏ အဓိကမူများမှာ အဖွဲ့ဝင် အချင်းချင်း၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အများဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခြင်း ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံက ဘယ်အချိန်မှာ အဖွဲ့ဝင် စဖြစ်လာသလဲ

**************************************************

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင် အပြည့်အဝ ဖြစ်လာခဲ့သည်။ မြန်မာသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ် ကျင့်သုံးခဲ့သည့် နိုင်ငံတစ်ခု၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပတို့၏ စိုးရိမ်မှုများက ထိုစဉ်ကလည်း  ရှိခဲ့သည်။

ထိုင်းနှင့် ဖိလစ်ပိုင်တို့လည်း မြန်မာကို သတိကြီးကြီး ထားခဲ့ကြသော်လည်း နောက်ဆုံးတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှု ကို ပြသနိုင်ခဲ့ပါသည်။

အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ဖြစ်လာချိန်တွင် “အခု အလားအလာဟာ အလွန်ကြီးမားပါသည်။ ကျနော်တို့က အာရှနဲ့ ကမ္ဘာမှာ အရေးပါသော ကစားသမားတစ်ဦး ဖြစ်လာမယ်” ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အဖွဲ့အစည်းကို ချဲ့ထွင်ဖြစ်ထွန်း လာခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင် ဖြစ်ပြီးနောက်တွင်ပင် ထိုစဉ်က မြန်မာစစ်ခေါင်းဆောင်များသည် အာဆီယံ၏ ဆိတ်ငြိမ်သော သံတမန်ရေး အမှတ်တံဆိပ်နှင့် အဓိကကျသော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်နေသော်လည်း အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာရေး သဘောထား အနည်းငယ်သာ ပြသခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို လူအုပ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကျူးလွန် သူများအား ဖမ်းဆီး အရေးယူခြင်း မပြုခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် အကျဉ်းချခြင်းအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က ပိုမိုတင်းကျပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေခြင်းကိုလည်း အာဆီယံ၏ အထူးသံတမန်က ဖျန်ဖြေရန် ကြိုးစားပေးခဲ့ပါသည်။

ထိုအကြောင်းများကြောင့် မြန်မာသည်  ၂၀၀၅ ခုနှစ်တွင် ၎င်း၏ အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် ရာထူးမှ စွန့်လွှတ်ခဲ့သည်။ နောက် နှစ်နှစ်အကြာတွင် ရွှေဝါရောင် အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပြန်သည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို အာဆီယံက ဘယ်လိုတုံ့ပြန်ခဲ့သလဲ

****************************************************************

မြန်မာနိုင်ငံ၏ လွှတ်တော်အသစ် အစည်းအဝေး စတင်ကျင်းပတော့မည့် နံနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက် တင်မြှောက်ခံထားရသည့် အစိုးရအဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးလိုက်သည်။  

၎င်းတို့နှင့် ဆက်နွှယ်နေသည့် ပါတီကို ထောက်ခံရန် ရုန်းကန်နေခဲ့ရသည့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အပြတ်အသတ် အာဏာရစေခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခြင်းကြောင့် အာဏာသိမ်းခဲ့ရသည်ဟု အကြောင်းပြခဲ့သည်။

အာဏာသိမ်းမှုသည် မြန်မာနိုင်ငံက ပြည်သူများ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အောက်မှာ ဆယ်စုနှစ် တစ်ခုကြာ ကြီးပြင်းလာခဲ့တဲ့ မျိုးဆက်သစ် လူငယ်များကို ဒေါသထွက်စေခဲ့သည်။

၎င်းတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်က အင်အားသုံး တုံ့ပြန်ခဲ့ပြီး သေဆုံးသူဦးရေ တိုးလာသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျကာတာမြို့၊ အထူးအစည်းအဝေးသို့ အာဆီယံက ဖိတ်ခေါ်ကာ Five Point Consensus ဟု ခေါ်တွင် သည့် အာဆီယံအချက် ၅ ချက်ကို လက်ခံဖို့ ဆွေးနွေးခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်ပရတ်ဆိုခွန်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ထိုစဉ်က အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံက ၎င်း၏ အထူးသံတမန်တစ်ဦးကို ခန့်အပ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

တဖန် အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲယူခဲ့သည့် ဝန်ကြီးချုပ် ဟွန်ဆန်သည် စစ်တပ် အာဏာရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် နိုင်ငံခြားခေါင်းဆောင် ဖြစ်ခဲ့သည်။

၎င်း၏ အာဆီယံ သဘောတူညီမှု အချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းမှာ COVID-19 နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြောင်းပြခဲ့ကြောင်း ယခုသီတင်းပတ် မြန်မာစစ်တပ်အာဘော် မီဒီယာများမှ ထုတ်ပြန်သည့် သဘောထား မှတ်ချက်များတွင် တွေ့ရသည်။

“မိမိတို့နိုင်ငံတွင် ပြင်းထန်သော အဓိကရုဏ်းများနှင့် အကြမ်းဖက်ဝါဒကို ကိုင်တွယ်ရင်း  COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှု များကို ကျော်လွှားရန် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့ရသည်” ဟု ယခင်သီတင်းပတ်ထုတ် Global New Light of Myanmar သတင်းစာတွင် ဘာသာပြန် ပုံနှိပ်ဖော်ပြသော မိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့သည်။

 

ကွပ်မျက်မှုက အာဆီယံ၏ တုံ့ပြန်မှုကို ပြောင်းလဲစေခဲ့လား

*******************************************************

 NLD လွှတ်တော် အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယုတို့ကို တံခါးပိတ် ရုံးတင်စစ်ဆေးပြီးနောက် ဇူလိုင် ၂၅ ရက်က ကြိုးမိန့်ပေးခဲ့သည်။

စစ်တပ် သတင်းပေးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အခြားအမျိုးသား နှစ်ဦးကိုလည်း ကွပ်မျက်ခဲ့သည်။ ကွပ်မျက်မှုသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မြန်မာနိုင်ငံတွင် ပထမဆုံး ကြိုးမိန့်ဖြစ်ပြီး ကမ္ဘာတဝန်းမှ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် မေတ္တာရပ်ခံ ခဲ့ကြသော်လည်း လူပေါင်း ၁၀၀ ကျော်အထိ သေဒဏ်ချမှတ်ခံခဲ့ရရာ ၇၀ မှာ ထောင်ဒဏ် ကျခံနေရပြီး ကျန်ရှိသူမှာ မျက်ကွယ်တွင် စီရင်ချက် ချခံရခြင်း ဖြစ်သည်။

ထိုသို့ သတ်ဖြတ်မှုများကြောင့် အလွန်စိတ်ပူပန်ပြီး လေးလေးနက်နက် အထူးဝမ်းနည်း မိကြောင်းနှင့် အာဆီယံ အစည်းအဝေး နှင့် နီးကပ်လွန်းသည့် အချိန်တွင် စီရင်ခဲ့သဖြင့် အပြစ်တင် ဝေဖန်ကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားက ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။

အင်္ဂါနေ့က အစီရင်ခံစာများက အာဆီယံသည် ပိုမိုခက်ခဲသောမျဉ်းကို တွန်းအားပေးနိုင်ကြောင်း အကြံပြုထားသည်။

AFP သတင်းဌာနမှ ကြိုတင်ရရှိခဲ့သော ကြေညာချက်မူကြမ်းတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ “အလွန်စိုးရိမ်ပူပန်မှု” ရှိကြောင်းနှင့် အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့မှုအပေါ် အတိအလင်း အရေးယူ ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရသည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး စိုင်ဖူတင် အဗ္ဗဒူလာသည် မြန်မာနိုင်ငံအပေါ်  အပြောအဆို အရှိဆုံး သူများထဲတွင် ပါဝင်ခဲ့သည်။ ကွပ်မျက်မှုသည် လူသားဆန်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှု တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး “နစကသည် အချက်ငါးချက် သဘောတူညီမှုကို ပြက်ရယ်ပြုနေသည်” ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

မလေးရှားက ထိပ်သီး အစည်းအဝေးများအပြင် အာဆီယံပွဲများအားလုံးမှ SAC အရာရှိများကို ပိတ်ပင်ရန် အကြံပြုထားခဲ့ သည်။  

လူ့အခွင့်အရေး စောင့်ကြည့်နေကျဖြစ်သည့် Human Rights Watch အပါအဝင် အဖွဲ့အချို့က “အာဆီယံ၏ လုပ်ဆောင် ချက်တွင် မြန်မာအာဏာသိမ်း ခေါင်းဆောင်များအတွက် လက်နက်ကိစ္စနှင့် နိုင်ငံခြားငွေများရရှိရန် ပိုမိုခက်ခဲစေခြင်းအပြင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းအတွက် ပံ့ပိုးကူညီမှုများလည်း ပါဝင်သင့်သည်”ဟု စောဒက တက်ခဲ့ကြ သည်။

အာဏာသိမ်းမှုမှ အစပြုသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် မကြာသေးမီ အချိန်က အာဆီယံအတွက် အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။  

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုသို့ မကြာသေးမီက ရောက်ရှိခဲ့သလို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်သည် ယခင်သီတင်းပတ်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။

ယခင်သီတင်းပတ် မိန့်ခွန်းထဲတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အာဆီယံတွင် ကတိကဝတ် များ ရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

SAC သည် “အာဆီယံဘောင်အတွင်း တတ်နိုင်သမျှ အတိုင်းအတာအထိ အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည် ဖော်မည်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပြောရမည်ဆိုလျှင် တပ်မတော်၏ အာဏာရယူလိုက်ခြင်းမှ အစပြုသည့် မြန်မာ့အကျပ်အတည်းသည် အာဆီယံ၏ ရှေ့အလားအလာကို ကာလအတန်ကြာ တိမ်မြုပ်သွားစေရန် ပုံဖော်လာခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် သုံးသပ်ရေးထားသည်။

Source: Aljazeera

#ASEAN #စိန်ခေါ်မှု #SAC #မြန်မာ့အကျပ်အတည်း #ဆောင်းပါး #CNImyanmar #cninews

 

(အယ်လ်ဂျာဇီးယားမီဒီယာဝက်ဘ်ဆိုက်တွင် ဇူလိုင် ၃ ရက် ရက်စွဲဖြင့် ရေးသားဖော်ပြထားသော Why is the Myanmar crisis such a challenge for ASEAN? သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)