![](/images/fhjfhgjfghjfghjfghj.jpg#joomlaImage://local-images/fhjfhgjfghjfghjfghj.jpg)
- By CNI
- Category: အားကစား
- Hits: 130
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၉
ယူနိုက်တက်နဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းက နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ မျှော်လင့်နေပြီး စပိန်ကလပ် အသင်းတွေကို ကိုင်တွယ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
နစ္စတယ်ရွိုင်းက “ကျနော်စပိန်မှာ အလုပ်လုပ်ချင်ပါတယ်။ စပိန်ကလပ်တွေနဲ့လည်း စကားပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ကစားခဲ့ဖူးတဲ့ အခြားလိဂ်တွေမှာလည်း နည်းပြအဖြစ် ဆောင်ရွက်ချင်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲတွေမှာပါ”လို့ AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ အသင်းကြီး နည်းပြဘဝအဖြစ် PSV အသင်းကို ကိုင်တွယ်ခဲ့ပြီး ဒတ်ချ်ဖလား ရယူပေးနိုင် ခဲ့ပေမယ့် အသင်းအတွင်းမှာ သူ့ကို ပံ့ပိုးပေးမှုတွေ အားနည်းခဲ့တာကြောင့် ၂၀၂၂-၂၃ ရာသီအကုန်မှာ နည်းပြရာထူး က နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ PSV အသင်းကို မကိုင်တွယ်ခင် နယ်သာလန် လက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြ အဖြစ် ၂ ကြိမ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက် ချင်နေတာပါ။
နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝမှာ ဒန်ဘော့ရှ်၊ ဟီရန်ဗင်း၊ PSV၊ ယူနိုက်တက်၊ ရီးရယ်လ်၊ မာလာဂါ နဲ့ ဟမ်းဘတ်အသင်းတွေမှာ ကစားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နစ္စတယ်ရွိုင်းဟာ လာလီဂါကလပ် အသင်းတွေကို ဦးစားပေး ကိုင်တွယ်ချင်နေပြီး ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါကလပ်တွေကိုလည်း ကိုင်တွယ်ချင်နေတာပါ။
အသက် ၄၇ နှစ်အရွယ်ရှိ နစ္စတယ်ရွိုင်းဟာ လာလီဂါကလပ်တွေဖြစ်တဲ့ ရီးရယ်လ်အသင်းမှာ ၉၆ ပွဲ ကစားခဲ့ပြီး ၆၄ ဂိုးသွင်းယူကာ မာလာဂါအသင်းမှာတော့ ၃၂ ပွဲကစားပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝမှာ PSV၊ ယူနိုက်တက်၊ ရီးရယ်လ်အသင်းတို့နဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး တစ်ဦးချင်း အောင်မြင်မှုတွေလည်း အများကြီးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
![](/images/jfhghjfggfjfhj.jpg#joomlaImage://local-images/jfhghjfggfjfhj.jpg)
- By CNI
- Category: အားကစား
- Hits: 125
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၉
ဒေါ့မွန်အသင်းကွင်းလယ်လူ မာကိုရူးစ်ဟာ မေဂျာလိဂ်ကလပ် စိန့်လူးဝစ် SC အသင်းနဲ့ အကြိုဆွေးနွေးမှု တွေပြုလုပ်နေတာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဒီရာသီအကုန်မှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာမယ့် မာကိုရူးစ်ကို ခေါ်ယူဖို့ တူရကီနဲ့ ဆော်ဒီကလပ် အသင်း တွေကလည်း ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။
ဒါပေမယ့် ဒေါ့မွန်အသင်းမှာ သူနဲ့ ၇ နှစ်ကြာလက်တွဲခဲ့တဲ့ ဂိုးသမား ရိုမန်ဘာကီရှိတဲ့ စိန့်လူးဝစ် SC အသင်းဟာ မာကိုရူးစ်အတွက် အဓိက ရွေးချယ်မှုဖြစ်လာနိုင်ပါတယ်။ ဒီလိုသတင်းတွေထွက်ပေါ်နေပေမယ့် စိန့်လူးဝစ်အသင်းဟာ သူတို့ရဲ့ ရှာဖွေမှု စာရင်းထဲမှာ မာကိုရူးစ်ရဲ့ နာမည်ကို မထည့်သွင်းရသေးဘူးလို့ The Athletic က ဖော်ပြထားပါတယ်။
မေဂျာလိဂ်ကလပ်အသင်းတွေဟာ ခေါ်ယူမယ့်ကစားသမားတွေကို သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုစာရင်းထဲ ထည့်သွင်း ပြီးမှသာ လက်မှတ်ထိုးခေါ်ယူလို့ ရရှိမှာပါ။
မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တဲ့ ၁၂ နှစ်အတွင်း အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဗိုလ်လုပွဲ ၂ ကြိမ်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပိုကယ်လ်ဖလားနဲ့ စူပါဖလား ၂ ကြိမ်စီ ရယူနိုင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်အထိ ဒေါ့မွန်အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့တဲ့ မာကိုရူးစ်ဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀၀ ကျော်စီပြုလုပ်နိုင်တဲ့ ကစားသမား ၃ ဦး ထဲက တစ်ဦးလည်းဖြစ်တာပါ။
မာကိုရူးစ်ဟာ ဂျာမနီတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ၂ ကြိမ်ရယူနိုင်ခဲ့ပြီး ဘွန်ဒက်လီဂါ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
မာကိုရူးစ်ဟာ ဂျာမနီ အသင်းအတွက် ၄၈ ပွဲပါဝင်ကစားထားပြီး ဒဏ်ရာတွေကြောင့် ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ယူရို ၂၀၁၆၊ ၂၀၂၀ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒေါ့မွန်ကွင်းလယ်လူဟာ ယူရို ၂၀၁၂ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ ဂျာမနီအသင်းအတွက် ပါဝင်ကစားနိုင်ခဲ့တာပါ။
ပြင်သစ်နဲ့ အာဆင်နယ်အသင်းကစားသမားဟောင်း နာဆရီက မာကိုရူးစ်နဲ့ စကားပြောခဲ့တာမှာ သူဟာ လာမယ့် ရာသီ မေဂျာလိဂ်မှာ သွားကစားချင်တယ်လို့ ပြောခဲ့ကြောင်း Canal+ နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
Source:DailyMail
![](/images/hgjghfgjghjfghj.jpg#joomlaImage://local-images/hgjghfgjghjfghj.jpg)
- By CNI
- Category: အားကစား
- Hits: 1005
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၉
လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက ဒီရာသီမှာ အသင်းရရှိနေတဲ့ အောင်မြင်မှု မှတ်တမ်းတွေအပေါ် ချီးကျူးလိုက်ပြီး ဒီလိုလုပ်နိုင်ဖို့ မလွယ်ကူဘူးလို့ ပြောခဲ့ပါတယ်။
ဇာဘီအလွန်ဆိုက “ဘွန်ဒက်လီဂါလို မြင့်မားတဲ့အဆင့်မှာ ကျနော်တို့ လုပ်နိုင်ခဲ့တာက မလွယ်ကူပါဘူး။ ဒီလို လုပ်နိုင်ခဲ့တဲ့အတွက်လည်း အသင်းသားတွေ အားလုံးကို ချီးကျူးပါတယ်။ ဘွန်ဒက်လီဂါက အလွန်အပြုသဘော ဆောင်ပါတယ်။ ကျနော်တို့ ဒေါ့မွန်အသင်းကို ဂုဏ်ပြုသင့်သလို နည်းပြ တာဇစ်ကိုလည်း ဂုဏ်ပြုရမှာပါ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ဖို့ဆိုတာ လွယ်ကူတာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးဘဲ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ဂျာမန်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ လက်ရှိအချိန်ထိ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ ၄၈ ပွဲအထိ ရှိသွားပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၅၉ နှစ်က စံချိန်တင်ထားတဲ့ ဘင်ဖီကာအသင်းရဲ့ ဥရောပရှုံးပွဲမရှိ စံချိန်နဲ့ တူညီသွားခဲ့တာပါ။
ဇာဘီအလွန်ဆိုကို တွေ့ရစဉ်
လေဗာကူဆင် အသင်းအနေနဲ့ ရိုးမားအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာသာ ရှုံးပွဲမတွေ့ရင် စံချိန်သစ် တင်နိုင်တော့မှာ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ရိုးမားအသင်း အိမ်ကွင်းမှာ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာပါ။
အဲဒါကြောင့် လေဗာကူဆင်အသင်း ဗိုလ်လုပွဲတက်ဖို့ အခြေအနေ ကောင်းနေပေမယ့် နည်းပြ ဇာဘီအလွန်ဆိုက ပွဲမပြီးသေးဘူးလို့ သတိပေးထားပါတယ်။
ဇာဘီအလွန်ဆိုက “ဒုတိယအကျော့ပွဲစဉ်က အမြဲတမ်း အန္တရာယ်ရှိတဲ့ အခြေအနေပါ။ ပထမအကျော့က ဘယ်လို ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ပွဲရဲ့အခြေအနေဟာ လျင်လျင်မြန်မြန် ပြောင်းလဲသွားနိုင်ပါတယ်။ ကျနော်တို့ပွဲကို ထိန်းချုပ်ပြီး ခံစစ် အကောင်းဆုံးကစားဖို့လိုတယ်”လို့ ပြောပါတယ်။
လေဗာကူဆင်နဲ့ ရိုးမားအသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မေလ ၁၀ ရက် မနက်ပိုင်း မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: BBC
![](/images/fhjhgfhjghjfghjfj.jpg#joomlaImage://local-images/fhjhgfhjghjfghjfj.jpg)
- By CNI
- Category: အားကစား
- Hits: 1033
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၉
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်က ရီးရယ်လ်အသင်းနဲ့ ပွဲစဉ်မှာ သူတို့အသင်းဘက်က နာကျင် အချိန်ပိုမှာ ချေပဂိုးမသွင်းယူခင် ပွဲကိုရပ်တန့်ခဲ့တဲ့ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ဟာ သစ္စာဖောက်သလို ခံစားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “ဒါက အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး စည်းမျဉ်းတွေကို ဆန့်ကျင်ပါတယ်။ စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆုံးသတ်မှာတော့ သစ္စာဖောက်သလို ခံစားခဲ့ရပါတယ်။ စည်းကြပ်ဒိုင်က တောင်းပန်ခဲ့ပေမယ့် ဒါက အကူအညီ မဖြစ်တော့ပါဘူး။ ဒိုင်လူကြီးအနေနဲ့ အလံထောင်ပြစရာ မလိုပါဘူး။ ကျနော်တို့ ဘောလုံးရတာကို သူမြင်သလို ကန်သွင်းတာကိုလည်း သူမြင်တွေ့ခဲ့ပါ တယ်။ ဝီစီမှုတ်တာက အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်”လို့ ပြောပါတယ်။
ရီးရယ်လ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်ရဲ့ နာကျင်အချိန်ပို ၁၃ မိနစ်မှာ ဒီလိုက်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောဖြစ်ကြောင်း အလံကိုထောင်ပြီး ပြသခဲ့ပါတယ်။
ဒီလိုက် ဂိုးသွင်းယူချိန်မှာ ကွင်းလယ်ဒိုင်လူကြီးက လူကျွံဘောဖြစ်ကြောင်း အချက်ပြခဲ့တဲ့အတွက် ရီးရယ်လ် အသင်း နောက်ခံလူတွေဟာ ရပ်တန့်နေခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကို VAR နဲ့ ပြန်မစစ်ဆေးတဲ့အတွက် အငြင်းပွားစရာတွေဖြစ်ခဲ့တာပါ။
လူကျွံဘော အနေအထားကိုတွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်း နောက်ခံလူ ဒီလိုက်က ရီးရယ်လ်အသင်းဘက်က သွင်းယူခဲ့တဲ့ ဟိုဆေးလူရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တာနဲ့ နှိုင်းယှဉ်ပြီး ဒီဆုံးဖြတ်ချက်တွေဟာ ရှက်ဖို့ကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဒီလိုက်က “ကျနော်တို့အားလုံး စည်းမျဉ်းတွေကို သိတယ်လို့ ထင်ပါတယ်။ လူကျွံဘောဖြစ်တာ မရှင်းလင်းဘူး ဆိုရင် ဆက်ကစားရမှာက စည်းမျဉ်းပါပဲ။ ရှက်ဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။ ဟိုဆေးလူ ဂိုးသွင်းတဲ့အချိန်မှာ လူကျွံဘော အခြေအနေ ဖြစ်ခဲ့ပေမယ့် သူတို့ဆက်ပြီး ကစားခိုင်းခဲ့ပါတယ်။ ကျနော်တို့က ဘာကြောင့် ဆက်မကစားရတာလဲ”လို့ ပြောပါတယ်။
ရီးရယ်လ်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဇွန် ၁ ရက်မှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
![](/images/fjfhghjghjfhj.jpg#joomlaImage://local-images/fjfhghjghjfhj.jpg)
- By CNI
- Category: အားကစား
- Hits: 801
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၈
ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ မေလ ၁၉ ရက်မှာ ချယ်လ်ဆီးအသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ပါဝင်ကစားပေးအပြီးမှာ ဘရာဇီးလ်ကလပ် ဖလူမီနက်စ်အသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ဒီရာသီအကုန်မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာမယ်လို့ ကြေညာထားတဲ့ သီယာဂိုဆေးလ်ဗားဟာ ဖလူမီနက်စ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
အသက် ၃၉ နှစ်အရွယ်ရှိ သီယာဂိုဆေးလ်ဗားဟာ ဖလူမီနက်စ်အသင်းမှာ လူငယ် ကစားသမားအဖြစ်နဲ့ရော လူကြီးကစားသမားအဖြစ်နဲ့ပါ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
သီယာဂိုဆေးလ်ဗားဟာ ဖလူမီနက်စ်အသင်းကနေ ထွက်ခွာအပြီးမှာ ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့တာပါ။
အခုအချိန်မှာတော့ သီယာဂိုဆေးလ်ဗားဟာ သူ့ရဲ့ငယ်ဘဝကလပ်ထံ ပြန်ပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
သီယာဂိုဆေးလ်ဗားကို တွေ့ရစဉ်
သီယာဂိုဆေးလ်ဗားဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၀ ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၅၂ ပွဲ ပါဝင်ကစားထားကာ ၉ ဂိုး သွင်းယူထားတာပါ။
ဝါရင့်နောက်ခံလူဟာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရရှိအောင် အကူအညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
သီယာဂိုဆေးလ်ဗားနဲ့ ချယ်လ်ဆီးအသင်းတို့ ချူပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဟာ သူ့ကို အသင်းဖော်အသစ်တွေနဲ့ စောစီးစွာ ပူးပေါင်းနိုင်စေဖို့ သဘောတူထားတာပါ။
အဲဒါမှလည်း သီယာဂိုဆေးလ်ဗားဟာ ဖလူမီနက်စ်အသင်းရဲ့ ကစားသမားသစ်အဖြစ် စာရင်းသွင်း မှတ်ပုံ မတင်ခင်မှာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်လို့ ရမှာဖြစ်ပါတယ်။
သီယာဂိုဆေးလ်ဗားကတော့ ချယ်လ်ဆီးအသင်း ကစားသမားဘ၀ နောက်ဆုံးရာသီမှာ အောင်မြင်မှု မရယူနိုင် ခဲ့ပေမယ့် အသင်းကို ဥရောပဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: BBC
![](/images/hfghhgjggjfghjf.jpg#joomlaImage://local-images/hfghhgjggjfghjf.jpg)
- By CNI
- Category: အားကစား
- Hits: 704
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၈
ဂီတာဖေးအသင်းဥက္ကဋ္ဌ အိန်ဂျယ်လ်တောရက်စ်က တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လာမယ့်ရာသီ မန်ယူနိုက်တက် အသင်းထံ ပြန်မှာမဟုတ်ဘဲ စပိန်မှာ ဆက်ပြီးရှိလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အိန်ဂျယ်လ်တောရက်စ်က “သူဟာ နောက်ထပ်တစ်နှစ်လောက် ဒီမှာဆက်ပြီးရှိနေမယ်လို့ ကျနော်ထင်ပါတယ်။ ယူနိုက်တက်ကတော့ ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေရရင် သူ့ကိုရောင်းချဖို့ စိတ်ကူးရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့စောင့်ရမှာဖြစ်ပေမယ့် သူဒီမှာဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ မိသားစုနဲ့ ကစားသမားဟာ ကျနော်တို့ ပရိသတ်တွေနဲ့ အလွန်အဆင်ပြေနေပြီး ဒီမှာ အလွန်ပျော်ရွှင်နေကြပါတယ်” လို့ Radio Marca ကိုပြောခဲ့တာပါ။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစွဲချက်တွေကြောင့် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီကတည်းက ယူနိုက်တက်အသင်းမှာ ပါဝင် ကစားခွင့်မရတော့တဲ့ ဂရင်းဝုဒ်ဟာ စွဲချက်တွေအားလုံးကနေ လွတ်မြောက်ပြီးနောက် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဂီတာဖေးအသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် ၃၂ ပွဲ ကစားထားပြီး ၁၀ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးထားတာပါ။
ဂီတာဖေး အသင်းမှာ ပြသနေတဲ့ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းတွေကြောင့် အသင်းကြီးအချို့က လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ဂရင်းဝုဒ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ပြောထားပေမယ့် နွေရာသီမှာ အပြီးသတ်ထွက်ခွာဖို့က ဖြစ်နိုင်ဖွယ်အရှိဆုံး ရလဒ်ဖြစ်ပါတယ်။
ဂီတာဖေးအသင်းကတော့ ဂရင်းဝုဒ်ကို အပြီးသတ်ဝယ်ယူခွင့်မရရင်တောင် နောက်ထပ်တစ်ရာသီ အငှားထပ် ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ပျော်ရွှင် နေသလို သူ့ရဲ့ မိသားစုကလည်း စပိန်မှာ ကောင်းမွန်စွာ အခြေချနေထိုင်နေတယ်လို့ ESPN က ဖော်ပြထား ပါတယ်။
ဂီတာဖေးအသင်းဟာ ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ ၃၄ ပွဲ ကစားထားအပြီး ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၁၀ နေရာ မှာရပ်တည်နေကာ လာမယ့်ရာသီ ဥရောပဝင်ခွင့်ရယူနိုင်မယ့် မျှော်လင့်ချက်နည်းပါးနေတာဖြစ်ပါတယ်။
Source:ESPN
![](/images/rufyrydtusysr.jpg#joomlaImage://local-images/rufyrydtusysr.jpg)
- By CNI
- Category: အားကစား
- Hits: 1083
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၈
ဒေါ့မွန်အသင်းဟာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် နှစ်ကျော့စလုံး အနိုင်ယူပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်း အိမ်ကွင်းမှာ ကစားခဲ့တာမှာ ဒေါ့မွန်အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒေါ့မွန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်မိနစ် ၅၀ မှာ ဟမ်းမဲလ်က သွင်းယူခဲ့တာ ဖြစ်ပါ တယ်။
ဒေါ့မွန်အသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းကလည်း ပီအက်စ်ဂျီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ဒီပွဲမှာ ပီအက်စ်ဂျီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ အထိရှိခဲ့ပေမယ့် ဂိုးတိုင်ထိခဲ့တာတွေ အပါအဝင် အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာနဲ့အတူ ဒီရာသီဆုဖလား ၄ လုံး ရယူနိုင် မယ့် မျှော်လင့်ချက်လည်း အဆုံးသတ်ခဲ့ရတာပါ။
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက သူဟာ ဒီပွဲမှာ အသင်းအနိုင်ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့လို့ စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်း ယှဉ်ပြိုင်နေစဉ်
ဘတ်ပီက “အသင်းကို အကောင်းဆုံး ကူညီနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကျနော်ဟာ လုံလောက်မှု မရှိခဲ့ပါဘူး။ ကျနော် ဟာ ဂိုးတွေသွင်းပြီး အဆုံးအဖြတ် ပေးရမယ့်သူဖြစ်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ သူတို့က ကျနော်တို့ထက် ပိုပြီး ကောင်းလားဆိုတာတော့ မသိပါဘူး။ ဒီရလဒ်အတွက် ဝမ်းနည်းသလို စိတ်လည်းပျက်မိတယ်”လို့ ပြောပါတယ်။
၂၀၁၃ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ မာကိုရူးစ်က ၁၁ နှစ်အကြာမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြန်တက်နိုင်ခဲ့တဲ့အတွက် ပြောစရာ စကားလုံးမရှိအောင် ပျော်ရွှင်မိတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
လက်ရှိ ဒေါ့မွန်အသင်းမှာ ၂၀၁၃ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်နိုင်တဲ့အသင်းက မာကိုရူးစ်နဲ့ ဟမ်းမဲလ်တို့သာ ရှိတော့တာပါ။
မာကိုရူးစ်က “၁၀ နှစ်ကျော်ပြီးနောက်မှာ ဒေါ့မွန်နဲ့ ဗိုလ်လုပွဲ ထပ်ပြီး ရောက်ရှိခဲ့ပါပြီ။ ဝင်ဘာလေကို သွားရမှာက ရူးသွပ်ချင်စရာပါပဲ။ ပြီးခဲ့တဲ့ ဗိုလ်လုပွဲမှာ မဖြစ်ခဲ့တဲ့အရာကို ဒီတစ်ကြိမ် ဗိုလ်လုပွဲမှာ ဖြစ်အောင်လုပ်သွားမှာပါ။ ဒါက ကျနော်တို့ရဲ့အခိုက်အတန့်ပါပဲ”လို့ ပြောပါတယ်။
ဒေါ့မွန်အသင်းဟာ ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဇွန်လ ၁ ရက်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: BBC
![](/images/rururururtturtfituj.jpg#joomlaImage://local-images/rururururtturtfituj.jpg)
- By CNI
- Category: အားကစား
- Hits: 407
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၈
၂၀၂၃-၂၄ ရာသီအတွက်ချီးမြှင့်တဲ့ ချယ်လ်ဆီးအသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲမှာ ကွင်းလယ် တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ ဆု ၂ ခုရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းမှာ လျင်မြန်စွာအသားကျခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသနေတာပါ။
ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားထားပြီး ၂၄ ဂိုးသွင်းယူကာ ၁၃ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနဲ့ အသင်းဖော်တွေအချင်းချင်း မဲပေးရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ဟာဇက်၊သီယာဂိုဆေးလ်ဗား၊ဝီလီယံတို့နဲ့အတူ တစ်ရာသီထဲမှာ ဒီဆု ၂ ခုကိုရယူနိုင်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားစာရင်းထဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ကိုးလ်ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၁ ဂိုးသွင်းယူထားပြီး ၂၅ ဂိုးသွင်းယူထားတဲ့ မန်စီးတီးအသင်းဖော်ဟောင်း ဟာလန်းရဲ့ အနောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဒုတိယနေရာ ရပ်တည်နေတာပါ။
အင်္ဂလန်ကစားသမားရဲ့ ခြေစွမ်းပြမှုနဲ့ ချယ်လ်ဆီးအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိပြီး ပရီးမီးယားလိဂ်အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
၂၀၂၃-၂၄ ရာသီအတွက် ချယ်လ်ဆီးအသင်းရဲ့ အခြားဆုတွေဖြစ်တဲ့ လူမှုရေးလုပ်ဆောင်မှုတွေအတွက်ပေးတဲ့ PFA Community Champions ဆုကို ဂယ်လာဂါနဲ့ မူဆိုဗစ်က ရရှိခဲ့ပြီး အမျိုးသမီး အကယ်ဒမီ အကောင်းဆုံး ကစားသမားဆုကို ကေတီကော့စ်က ရရှိခဲ့တာပါ။
အမျိုးသားအကယ်ဒမီ အကောင်းဆုံးကစားသမားဆုကို ဂေးလ်ခရစ်ကရရှိခဲ့ပြီး အမျိုးသမီးအသင်းဖော်တွေအချင်းချင်းပေးတဲ့ဆုကို ဂျက်စ်ကာတာက ရရှိခဲ့ပါတယ်။ အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ လော်ရန်ဂျိမ်းစ်က ရရှိသွားခဲ့တာပါ။
ချယ်လ်ဆီးအမျိုးသားအသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့အဆုံးသတ်ခဲ့ရပြီး အမျိုးသမီးအသင်းကတော့ အမျိုးသမီးစူပါလိဂ်ဖလားရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။
Source:Standard
![](/images/fhjhgjfjghjfgj.jpg#joomlaImage://local-images/fhjhgjfjghjfgj.jpg)
- By CNI
- Category: အားကစား
- Hits: 271
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၇
စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းထံ ပြန်သွားဖွယ်ရှိတယ်လို့ ကောလာဟလ သတင်းတွေ ထွက်နေပေမယ့် မန်စီးတီးအသင်းမှာ အနိမ့်ဆုံး လာမယ့်ရာသီအထိ ဆက်ရှိမယ်လို့ သူ့ရဲ့အတိုင်ပင်ခံ အေဂျင်စီက ပြောခဲ့ပါတယ်။
အတိုင်ပင်ခံအေဂျင်စီ Tacticgrup က “ဂွာဒီယိုလာရဲ့ နှလုံးသားထဲမှာ ဘိုင်ယန်မြူးနစ်ရှိပေမယ့် သူဟာ လာမယ့် နွေရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ သူဟာ မန်စီးတီးအသင်းမှာ အလွန်ပျော်ရွှင်နေပြီး စာချုပ်ကလည်း ၂၀၂၅ ခုနှစ်အထိရှိပါတယ်။ ဘိုင်ယန်ပြန်သွားဖို့က ရွေးချယ်စရာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ အင်္ဂလန်မှာ အောင်မြင်မှုတွေ အများကြီး ရယူထားသလို ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာလည်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြသစ် ရှာဖွေနေတာကြောင့် ဂွာဒီယိုလာနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ဂွာဒီယိုလာကို တွေ့ရစဉ်
ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ် ရာသီအကုန်ထိ ကိုင်တွယ်ခဲ့ပြီး ဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအကုန်မှာ ထွက်ခွာမယ့် တူချယ်လ်ရဲ့ နေရာ အစားထိုးဖို့အတွက် ဇာဘီ အလွန်ဆို၊ နာဂျယ်လ်စမန်း၊ ရက်ဂ်နစ်တို့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေ ခဲ့တာပါ။
အဲဒါကြောင့် ဂျာမန်ကလပ်ဟာ နည်းပြသစ် ရှာဖွေနေပြီး ဂွာဒီယိုလာကလည်း မန်စီးတီးအသင်းနဲ့ စာချုပ် တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းထံ ပြန်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာရဲ့ အေဂျင်စီကတော့ သူတို့ရဲ့နည်းပြဟာ ချုပ်ဆိုထားတဲ့ စာချုပ်ကို လေးစားဂုဏ်ယူတဲ့သူ ဖြစ်တယ်လို့ ပြောခဲ့တာပါ။
ဂွာဒီယိုလာဟာ ဒီရာသီမှာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်နဲ့ FA ဖလား ရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
![](/images/gjfghjfgjjgfjjgj.jpg#joomlaImage://local-images/gjfghjfgjjgfjjgj.jpg)
- By CNI
- Category: အားကစား
- Hits: 1146
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၇
ဘာစီလိုနာအသင်းဟာ အသလက်တီကို အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူဖွယ်မရှိဘူးလို့ AS သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းကို အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ရာသီအစပိုင်းမှာ ပွဲထွက် ခွင့် ရခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ရနိုင်ဖို့အတွက် ရာဖင်ဟာ၊ ယာမဲလ်၊ ဖာရန်တောရက်စ်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
ဂျာအိုဖီးလစ်ဟာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားထားပြီး ၁၀ ဂိုး သွင်းယူကာ ၆ ဂိုး ဖန်တီးထားပေမယ့် ခြေစွမ်းတသမတ်တည်း ပြသနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာဟာ ဂျာအိုဖီးလစ်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ပြီး ထားရှိချင်တယ်လို့ ပြောထားပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေမှာ သူ့ကို အပြီးသတ်ဝယ်ယူဖို့ မရှိတော့တာပါ။
ဂျာအိုဖီးလစ်ကို တွေ့ရစဉ်
အဲဒါကြောင့် ပေါ်တူဂီ ကစားသမားဟာ အငှားစာချုပ် ကုန်ဆုံးမယ့် ရာသီအကုန်မှာ အသလက်တီကိုအသင်းထံ ပြန်ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဂျာအိုဖီးလစ်ကို နောက်ထပ် တစ်ရာသီ အငှားဆက်ပြီး ခေါ်ယူဖို့ ဆန္ဒရှိနေ တာပါ။
အသလက်တီကိုအသင်းဟာ ၂၀၁၉ ခုနှစ်က ဘင်ဖီကာအသင်းကနေ ယူရို ၁၂၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဂျာအိုဖီးလစ်ကို ဒီအပြောင်းအရွှေ့မှာ ယူရိုသန်း ၆၀ ရရင်ရောင်းချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ဟာ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး တင်းမာနေပေမယ့် အသလက်တီကိုအသင်းဟာ ဂျာအိုဖီးလစ်ကို ရောင်းချလို့ အဆင်မပြေရင် အသင်းမှာ ဆက်ပြီးထားနိုင်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂျာအိုဖီးလစ်ဟာ အသလက်တီကိုအသင်းအတွက် ၁၃၁ ပွဲ ကစားထားပြီး ၃၄ ဂိုး သွင်းယူကာ ၁၈ ဂိုး ဖန်တီးထားပါတယ်။
ဂျာအိုဖီးလစ်နဲ့ အသလက်တီကိုအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Sportsmole