![](/images/hfjhgjhgjghj.jpg#joomlaImage://local-images/hfjhgjhgjghj.jpg)
- By CNI
- Category: အားကစား
- Hits: 1851
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၅
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂီရော့ဒ်ဟာ အေစီမီလန်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ရာသီအကုန်မှာ မေဂျာလိဂ်ကလပ် LAFC အသင်းထံ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်းဟာ LAFC အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ ပေမယ့် နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ဂီရော့ဒ်ဟာ အေစီမီလန်အသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပြီး ၂၀၂၁-၂၂ ရာသီက စီးရီးအေ ဖလား ရရှိအောင် အကူအညီပေးနိုင်ခဲ့ပါတယ်။
ဂီရော့ဒ်ဟာ နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်ကစားပေးပြီးမှ LAFC အသင်းနဲ့ ပူးပေါင်းမှာပါ။
ဂီရော့ဒ်က “LAFC အသင်းထံ ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပါတယ်။ LAFC အသင်း အတွက်နဲ့ အသင်းပရိသတ်တွေ အရှေ့မှာ ကစားပေးနိုင်ဖို့ကို မစောင့်နိုင်တော့ဘူး”လို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဂီရော့ဒ်ကို တွေ့ရစဉ်
ဂီရော့ဒ်ဟာ LAFC အသင်းမှာ တစ်နှစ်လုပ်ခယူရို ၃ သန်းဝန်းကျင် ရရှိလိမ့်မယ်လို့ ESPN က ဖော်ပြထားတာပါ။
LAFC အသင်းမှာ ပြင်သစ်အသင်း ဂိုးသမားဟောင်း ဟူဂိုလိုရစ် ကစားနေတာကြောင့် ဂီရော့ဒ်ဟာ မေဂျာလိဂ်ကို ပြောင်းရွှေ့ချိန်မှာ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်းနဲ့ ပြန်ပြီးတွဲဖက် ကစားရတော့မှာ ဖြစ်ပါတယ်။
ဂီရော့ဒ်ဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ၄၅ ပွဲ ကစားထားပြီး ၁၆ ဂိုး သွင်းယူထားကာ အသင်းကို စီးရီးအေပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားတာပါ။
LAFC အသင်းဟာ ဒီရာသီ မေဂျာလိဂ် ပွဲစဉ်ပေါင်း ၁၂ ပွဲ ကစားထားအပြီးမှာ ရမှတ် ၁၈ မှတ်နဲ့ အနောက်ပိုင်းဇုန် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC
![](/images/8i7u6y5t4r3tyuiuoytr.jpg#joomlaImage://local-images/8i7u6y5t4r3tyuiuoytr.jpg)
- By CNI
- Category: အားကစား
- Hits: 1437
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၅
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၄ ပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းက မန်စီးတီးအသင်းကို အရေးနိမ့်သွားခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
စပါးအသင်းရဲ့ အရှုံးရလဒ်ကြောင့် အက်စတွန်ဗီလာအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့တဲ့အချိန် အဆင့် ၄ နေရာမှာ ရမှတ် ၅ မှတ်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့တာပါ။
အက်စတွန်ဗီလာ အသင်း ဟာ ၁၉၉၁-၉၂ ရာသီကစတင်ပြီး ဥရောပဖလားပြိုင်ပွဲကနေ ချန်ပီယံလိဂ်ဖလားလို့ အမည်ပြောင်းလဲပြီး နောက်မှာ ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်မရရှိသေးတာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဥရောပဖလားပြိုင်ပွဲကို လွန်ခဲ့တဲ့ ၄၁ နှစ် ၁၉၈၂-၈၃ ရာသီက နောက်ဆုံးယှဉ်ပြိုင်ခဲ့ရတာပါ။
အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့ ဆုပေးပွဲနဲ့ ညစာစားပွဲအခမ်းအနားမှာ စပါးအသင်းရဲ့ ရလဒ်ထွက်ပေါ် ပြီးနောက် အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ နည်းပြ အူနှိုင်းအမ်မရီနဲ့ ကစားသမားတွေ ရှန်းပိန်ဖြန်းပက်ပြီး အောင်ပွဲခံမှုပြုလုပ်နေတာကို တင်ထားခဲ့တာပါ။
အူနှိုင်းအမ်မရီက “ဒါက ကျနော်တို့အတွက် အထူးနေ့နဲ့ ကျနော်တို့ရဲ့ အိပ်မက်ပါ။ ကျနော်တို့မှာ ဒဏ်ရာတွေ ရှိနေပေမယ့် အသင်းက အမြဲတမ်းအာရုံစိုက်ထားပါတယ်။ အသင်းဟာ အလွန်ကောင်းမွန်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ကစားရတာက အကောင်းဆုံးပါပဲ”လို့ ပြောခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းရဲ့ ပရိသတ်ဖြစ်တဲ့ ဝေလမင်းသား ဝီလျံကလည်း အသင်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူ မိပြီး တစ်သင်းလုံးကို ကျေးဇူးတင်ကြောင်းနဲ့ လာမယ့်ရာသီကို မစောင့်နိုင်တော့ဘူးလို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ နည်းပြ အူနှိုင်းအမ်မရီကို ခန့်အပ်ပြီးကတည်းက ရလဒ်ကောင်း တွေရရှိခဲ့ပြီး မနှစ်ကရာသီက တန်းဆင်းဇုန်အနားကနေ ဥရောပဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီရာသီယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်နိုင်ခဲ့ပြီး အိုလံပီယာကို့စ်အသင်းကို အရေးနိမ့်ခဲ့တာပါ။ အက်စတွန်ဗီလာအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC
![](/images/fhjhgjhgjgj.jpg#joomlaImage://local-images/fhjhgjhgjgj.jpg)
- By CNI
- Category: အားကစား
- Hits: 1313
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၅
စပါးအသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်း ၄ နှစ်ဆက်တိုက် ရယူနိုင်ဖို့ နီးစပ်နေပေမယ့် နည်းပြ ဂွာဒီယိုလာက သူတို့အလုပ်မပြီးသေးဘူးလို့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ အဝတ်လဲခန်းထဲမှာ ပျော်ရွှင်ခဲ့ကြပေမယ့် သူတို့အလုပ်မပြီးသေးဘူးဆိုတာ သိပါတယ်။ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲက ခက်ခဲမယ့်ပွဲပါ။ ဘယ်အသင်းမှ မလုပ်ဖူးတဲ့အရာတစ်ခုကို လုပ်ဖို့အတွက် ကျနော် တို့ ပွဲတစ်ပွဲကို အနိုင်ယူရပါမယ်။ အခုအချိန်မှာ အနားယူပြီးရင် ကျနော်တို့ လုပ်စရာရှိတဲ့ အရာကို အကောင်းဆုံး လုပ်ဆောင်သွားရမယ်”လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းက ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး ဟာလန်းက သွင်းယူခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ ပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ်အလိုမှာ စပါးအသင်း ချေပဂိုးရရှိနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ဆွန်ဟောင်မင်ရဲ့ ကန်သွင်းချက်ကို မန်စီးတီးအသင်းဂိုးသမား အော်တီဂါ ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာကို တွေ့ရစဉ်
အဲဒါကြောင့် မန်စီးတီးအသင်းဟာ စပါးအသင်းကို အနိုင်ရပြီး အဖိုးတန် ၃ မှတ်ရရှိသွားခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို ပြန်တက်နိုင်ခဲ့ပြီး အဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၂ မှတ် အသာရသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဉ်မှာ နိုင်ပွဲရယူနိုင်တာနဲ့ ပရီးမီးယားလိဂ်ဖလားကို စံချိန်တင် ၄ နှစ်ဆက်တိုက် ရယူနိုင်တော့မှာပါ။
ဒါပေမယ့် နည်းပြ ဂွာဒီယိုလာက သူတို့ဟာ နောက်ဆုံးပွဲကို အနိုင်ကစားဖို့ ကျန်ရှိသေးတာကြောင့် အလုပ် မပြီးသေးဘူးလို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း နောက်ခံလူ ဝေါလ်ကာကလည်း အသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်ပြီး နိုင်ပွဲနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့ ကလပ်သမိုင်းကြောင်းကို ဖန်တီးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းက ဝက်စ်ဟမ်း၊ အာဆင်နယ်အသင်းက အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
![](/images/jgjghjghjfghj.jpg#joomlaImage://local-images/jgjghjghjfghj.jpg)
- By CNI
- Category: အားကစား
- Hits: 1327
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၄
ရီးရယ်လ်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူတွေဖြစ်တဲ့ မိုဒရစ်နဲ့ တိုနီကရူးစ်တို့ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ Cadena SER က ဖော်ပြထားပါတယ်။
မကြာသေးခင်နှစ်တွေအတွင်း ရီးရယ်လ်အသင်းရဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့ ကွင်းလယ်ကစားသမား ၂ ဦးရဲ့ စာချူပ်သက်တမ်းဟာ နောက်ဆုံးလ အနည်းငယ်ထဲကို ရောက်ရှိလာပြီဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ၂ ဦးစလုံးဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရခြင်း မရှိသေးတဲ့အတွက် ထွက်ခွာမယ့် သတင်းတွေဟာ ပိုပြီးထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၂ ဦးစလုံးဟာ ရီးရယ်လ်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အရေးပါတဲ့ သူတွေဖြစ်တာကြောင့် ထွက်ခွာခွင့် ပေးဖို့က အသင်းအတွက် ကြီးမားတဲ့ဆုံးဖြတ်ချက် ဖြစ်လာနိုင်တာပါ။
မကြာသေးခင်က ရီးရယ်လ်အသင်းရဲ့ လာလီဂါအောင်ပွဲခံ အခမ်းအနားမှာ မိုဒရစ် စကားပြောချိန် ပရိသတ်တွေက သူ့ကို ဆက်နေပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဘယ်လင်ဂမ်၊ ကာမာဗင်ဂါ၊ ချူအာမန်နီတို့လို မျိုးဆက်သစ်တွေနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်း ကို ဖြည့်တင်းနေပြီး သူတို့တွေကလည်း အသင်းနဲ့လျင်မြန်စွာ အသားကျပြီး အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာခဲ့ပါတယ်။
မိုဒရစ်နဲ့ တိုနီကရူးစ်ကို တွေ့ရစဉ်
မိုဒရစ်နဲ့ တိုနီကရူးစ်တို့ဟာ အသင်းရဲ့ဂန္ထဝင်တွေဖြစ်ပေမယ့် ပွဲကစားခွင့် နည်းပါးလာတဲ့အတွက် ထွက်ခွာဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
သူတို့ ၂ ဦးဟာ ဇွန်လ ၁ ရက်မှာ ယှဉ်ပြိုင်မယ့် ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားပေးပြီးမှ အနာဂတ်ကို ဆုံးဖြတ်လာဖို့ ရှိနေတာပါ။
ဒီပွဲမှာ ရီးရယ်လ်အသင်းကို ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ရင် သူတို့ ၂ ဦးရဲ့ ရီးရယ်လ်အသင်း ကစားသမားဘဝဟာ ပြီးပြည့်စုံတဲ့ အဆုံးသတ် ဖြစ်လာနိုင်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ရီးရယ်လ်အသင်းကို ၂၀၁၂ ခုနှစ်ကတည်းက စပါးအသင်းကနေ ရောက်ရှိလာ ခဲ့ပြီး ပွဲပေါင်း ၅၃၁ ပွဲ ပါဝင်ကစားကာ လာလီဂါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။
တိုနီကရူးစ်ကတော့ ရီးရယ်လ်အသင်းကို ၂၀၁၄ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၄၆၂ ပွဲ ပါဝင်ကစားထားကာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်စီ အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
![](/images/gjfghjgjghjgh.jpg#joomlaImage://local-images/gjfghjgjghjgh.jpg)
- By CNI
- Category: အားကစား
- Hits: 1132
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၄
ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ ကနေဒါအမျိုးသား လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် လိဒ်စ်ယူနိုက်တက် အသင်း နည်းပြဟောင်း ဂျက်ဆီမာ့ရှ်ကို ခန့်အပ်လိုက်ပါတယ်။
ဂျက်ဆီမာ့ရှ်ဟာ လိဒ်စ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။
ဂျက်ဆီမာ့ရှ်ဟာ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေနဲ့အတူ လာမယ့် ရက်သတ္တပတ်ထဲမှာ ကနေဒါအသင်း နည်းပြရာထူးကို စတင်ပြီး တာဝန်ယူတော့မှာ ဖြစ်ပါတယ်။
ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြ ဂျွန်ဟာ့ဒ်မန်း ရာထူးက နုတ်ထွက်ပြီးကတည်းက နည်းပြသစ် ရှာဖွေနေ တာဖြစ်ပြီး ဂျက်ဆီမာ့ရှ်ကို မခန့်အပ်ခင်က ဘီရယ်လ်လိုက ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရတာပါ။
ဂျက်ဆီမာ့ရှ်ဟာ ကနေဒါအသင်းနည်းပြဘဝ ပထမဆုံးပြိုင်ပွဲအဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲကို စတင်ပြီး တာဝန်ယူရမှာ ဖြစ်ပါတယ်။
ကနေဒါအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင်မှာ နယ်သာလန်၊ ပြင်သစ်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။
ဂျက်ဆီမာ့ရှ်ကို တွေ့ရစဉ်
ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကနေဒါအသင်းဟာ လက်ရှိချန်ပီယံ အာဂျင်တီးနား၊ ပီရူး၊ ချီလီအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
လိဒ်စ်အသင်းကို မကိုင်တွယ်ခင်က ဆဲလ်ဘတ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ဂျက်ဆီမာ့ရှ်ဟာ အမေရိကန်၊ မက္ကဆီကိုတို့နဲ့အတူ ကနေဒါနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မျက်စိကြနေတာပါ။
ဂျက်ဆီမာ့ရှ်က သူ့ရဲ့အဓိက ရည်ရွယ်ချက်ဟာ ကနေဒါမှာရှိတဲ့ ဘောလုံး အသိုက်အဝန်းကို ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အောင်မြင်မှုရရှိအောင် ပံ့ပိုးပေးသွားဖို့ ဖြစ်တယ်လို့ အင်တာဗျူးမှာ ပြောထားပါတယ်။
ကမ္ဘာ့အဆင့် ၄၉ နေရာမှာ ရပ်တည်နေတဲ့ ကနေဒါအသင်းဟာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ဖြတ်ကျော်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ကနေဒါအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ဇွန်လ ၂၀ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: BBC
![](/images/vsfhfdhfdhfhgdhs.jpg#joomlaImage://local-images/vsfhfdhfdhfhgdhs.jpg)
- By CNI
- Category: အားကစား
- Hits: 940
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၄
ဟာရီကိန်း၊ နူအာနဲ့ မူလာ အပါအဝင် ဘိုင်ယန်မြူးနစ်အသင်း ကစားသမား အများအပြားဟာ နည်းပြ တူချယ်လ် ကို လာမယ့်ရာသီ ဆက်ရှိစေဖို့ အသင်းကို တွန်းအားပေးနေတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။
တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆိုးရွားတဲ့ရလဒ်တွေကြောင့် ဒီရာသီအကုန်မှာ နည်းပြရာထူးက နုတ်ထွက်မယ်လို့ ကြေညာထားတာပါ။
ဒါပေမယ့် တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် ကစားသမား အများအပြားဟာ နည်းပြကို အသင်းမှာ ဆက်ပြီးရှိစေချင်ကြတာ ဖြစ်ပါတယ်။
တူချယ်လ်ဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အိမ်ကွင်း နောက်ဆုံးပွဲစဉ်အပြီးမှာ ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်သွားခဲ့ခြင်း မရှိပါဘူး။
နောက်ဆုံးသတင်းတွေမှာ ဟာရီကိန်း အပါအဝင် ဘိုင်ယန်မြူးနစ်အသင်း ကြယ်ပွင့်တွေဟာ နည်းပြ တူချယ်လ်ကို လာမယ့်ရာသီ ဆက်ပြီးရှိစေဖို့ ကလပ်အသင်းကို တွန်းအားပေးနေတယ်လို့ ဖော်ပြခဲ့တာပါ။
တူချယ်လ်ကိုတွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်းဟာ တူချယ်လ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပေမယ့် လက်ရှိအချိန်ထိ အဆင်ပြေမှု မရှိသေးတာပါ။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ တူချယ်လ်ကို ဆက်ရှိစေဖို့ ဆွေးနွေးမှု ပြုလုပ်သွားမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
တူချယ်လ်ဟာ လက်ရှိအချိန်မှာ ကမ်းလှမ်းမှုအချို့ကို ရရှိထားပြီး ယူနိုက်တက်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
တူချယ်လ် ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံထားတာ ဖြစ်ပါတယ်။
တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၂၃ ခုနှစ်၊ မတ်လက စတင်ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်ထိ ပွဲပေါင်း ၆၀ ကိုင်တွယ်ထားခဲ့တာမှာ ၆၁.၆၇ အနိုင် ရာခိုင်နှုန်း ရရှိထားပြီး ဘွန်ဒက်လီဂါဖလား ၁ ကြိမ် ရယူပေးထားတာ ပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါ နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၁၈ ရက်မှာ ဟော်ဖန်ဟိမ်းအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
![](/images/yeyhtudtueyrt.jpg#joomlaImage://local-images/yeyhtudtueyrt.jpg)
- By CNI
- Category: အားကစား
- Hits: 1408
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၄
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီဟာ ၂၀၂၃-၂၄ ရာသီအတွက် ချီးမြှင့်တဲ့ ပြင်သစ်လီဂူးဝမ်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ဘတ်ပီဟာ ဒီဆုကို ဒီတစ်ကြိမ် အပါအဝင် ၅ နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပြီး ဆုအများဆုံး ရရှိထားတဲ့သူအဖြစ် ရပ်တည်နေတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ၂၇ ဂိုး သွင်းယူ နိုင်ခဲ့တာ အပါအဝင် ပြိုင်ပွဲစုံ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ဒီဆုကို ရယူနိုင်ခဲ့ပေမယ့် ၇ နှစ်ကြာ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့ အပတ်က အတည်ပြုခဲ့တာပါ။
ဘတ်ပီကတော့ လီဂူးဝမ်းဟာ သူ့ဘဝမှာ အမြဲတမ်း အရေးကြီးတဲ့ နေရာဖြစ်ခဲ့ပြီး ဒီလိုအရာတွေကို လွမ်းဆွတ် နေတော့မယ်လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။
ဘတ်ပီက “ကျနော့်ဘဝရဲ့ အခန်းကဏ္ဍတစ်ခုကို ပိတ်တော့မှာပါ။ လီဂူးဝမ်းဟာ ကျနော့်ဘဝရဲ့ အရေးကြီးတဲ့ နေရာဖြစ်ပြီး ကျနော့်ရဲ့ ကစားသမားဘဝမှာ အခုထိ သိရှိခဲ့တဲ့ တစ်ခုတည်းသော လိဂ်ဖြစ်ပါတယ်။ ဒီလိဂ်ရဲ့ ဂုဏ်ထူးဆောင် ကိုယ်စားလှယ်ဖြစ်ဖို့ ကျနော် အမြဲတမ်းကြိုးစားခဲ့ပါတယ်။ ကျနော့်အဖေက ကျနော့်ကို လီဂူးဝမ်း မှာ သမိုင်းမှတ်တမ်းသစ်တွေ ရေးထိုးစေချင်ခဲ့ပါတယ်။ ခရီးရှည်ကြီး သွားရတဲ့အတွက် ကျနော်အလွန်ပျော်ရွှင် ပါတယ်” လို့ ပြောပါတယ်။
ဇိုင်ရီအမ်မရီကို တွေ့ရစဉ်
ဘတ်ပီရဲ့ ပီအက်စ်ဂျီ အသင်းဖော်တွေဖြစ်တဲ့ ဇိုင်ရီအမ်မရီက တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ကို ရရှိခဲ့ပြီး ဂိုးသမား ဒွန်နာရမ်မာက အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့ပါတယ်။
ဘရက်စ်အသင်းကို ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြ အဲရစ်ရွိုင်ကတော့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့တာပါ။
ဒီရာသီ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲပြီးဆုံးဖို့ ၂ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ ပီအက်စ်ဂျီအသင်းဟာ အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
မေလ ၂၅ ရက်မှာ ယှဉ်ပြိုင်ရမယ့် ပြင်သစ်ဖလားဗိုလ်လုပွဲဟာ ဘတ်ပီအတွက် ပီအက်စ်ဂျီအသင်း ကစားသမား ဘဝ နောက်ဆုံးပွဲစဉ် ဖြစ်လာမှာပါ။
ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဝမ်းဖလား၊ ပြင်သစ်စူပါဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် တစ်ရာသီအတွင်းဆုဖလား ၃ လုံးရယူပြီး နှုတ်ဆက်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Source: France24
![](/images/hdhdtgdfyjdyjf.jpg#joomlaImage://local-images/hdhdtgdfyjdyjf.jpg)
- By CNI
- Category: အားကစား
- Hits: 1227
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၃
ရီးရယ်လ်အသင်းကွင်းလယ်လူ ချူအာမန်နီဟာ ခြေထောက်ဒဏ်ရာ ရရှိနေပေမယ့် ဒေါ့မွန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ချူအာမန်နီက “ကျနော် ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ ကျနော်အဆင်သင့် ဖြစ်နေမှာပါ”လို့ ရီးရယ်လ် အသင်းရဲ့ လာလီဂါဆုဖလား အောင်ပွဲခံ အခမ်းအနားမှာ စပိန်သတင်းစာ မာကာရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
ပြင်သစ်ကွင်းလယ်လူ ချူအာမန်နီဟာ ရီးရယ်လ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ချူအာမန်နီဟာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ဒါပေမယ့် ချူအာမန်နီကတော့ ဗိုလ်လုပွဲကို ပါဝင်နိုင်ဖို့ အကောင်းမြင်နေတာ ဖြစ်ပါတယ်။
ချူအာမန်နီကိုတွေ့ရစဉ်
စပိန်ရှိသတင်းတွေမှာတော့ အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ ၂၀ ရာခိုင်နှုန်းသာ အခွင့်အရေးရှိတယ်လို့ ဖော်ပြထားတာပါ။
အဲဒါကြောင့် ချူအာမန်နီသာ ကြံ့ခိုင်မှု မပြည့်ဝဘူးဆိုရင် ချန်ပီယံလိဂ်ဖလားကို ၁၅ ကြိမ်မြောက်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရီးရယ်လ်အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်လာနိုင်ပါတယ်။
၂၀၂၂ ခုနှစ်က ပေါင် ၆၆.၈ သန်းနဲ့ မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ချူအာမန်နီဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားတာပါ။
ချူအာမန်နီဟာ ရီးရယ်လ်အသင်းနဲ့အတူ လာလီဂါ၊ ကိုပါဒယ်ရေး၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူထားနိုင်တာ ဖြစ်ပါတယ်။
Source: Goal
![](/images/gfghjhgjfhgjfj.jpg#joomlaImage://local-images/gfghjhgjfhgjfj.jpg)
- By CNI
- Category: အားကစား
- Hits: 922
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၃
လေဗာကူဆင်အသင်းဟာ ဘွန်ဒက်လီဂါသမိုင်းမှာ တစ်ရာသီလုံးရှုံးပွဲမရှိ ကစားနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ ဇာဘီအလွန်ဆိုက ပြောခဲ့ပါတယ်။
ဇာဘီအလွန်ဆိုက “လာမယ့် စနေနေ့မှာ ရှုံးပွဲမရှိ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ လုပ်ဆောင်စရာ ရှိပါသေးတယ်။ ဒါကို ဘယ်သူကမှ မလုပ်နိုင်သေးပါဘူး။ အဲဒါကြောင့် ကျနော်တို့အတွက် အရေးကြီးပါတယ်။ လေဗာကူဆင်မှာ ဆုဖလားရယူရတာဟာ အလွန်ထူးခြားပါတယ်။ ကစားသမားတွေဟာ တစ်ရာသီလုံး အာရုံစိုက်ထားတာကြောင့် သူတို့အတွက် ထူးခြားပါတယ်။ သူတို့အတွက် ကျနော်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုချန်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် ဒီရာသီပြိုင်ပွဲစုံ ရှုံးပွဲမရှိတဲ့ ပွဲအရေအတွက် ၅၀ အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ ရိုးမားအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ဘင်ဖီကာ အသင်း တင်ရှိထားတဲ့ နှစ်ပေါင်း ၅၉ နှစ်ကြာ ဥရောပဘောလုံးသမိုင်းမှာ အရှည်ကြာဆုံး ရှုံးပွဲမရှိ စံချိန်ကိုလည်း ချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။
လေဗာကူဆင်အသင်းကို တွေ့ရစဉ်
ဒါအပြင် လေဗာကူဆင်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အော့စ်ဘတ်အသင်းနဲ့ပွဲမှာ ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့ရင် ဘွန်ဒက်လီဂါသမိုင်းမှာ တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဇာဘီအလွန်ဆိုဟာ ဒီမှတ်တမ်းကို ရေးထိုးနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ လေဗာကူဆင်အသင်းဟာ လိဂ်ပွဲစဉ်တွေအပြီး မေလ ၂၂ ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် အတ္တလန်တာအသင်း၊ ၂၅ ရက်မှာ ပိုကယ်လ် ဖလား ဗိုလ်လုပွဲအဖြစ် ကိုင်ဇာစလော့တန်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီပွဲတွေမှာပါ အနိုင်ယူပြီး တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလား ၃ လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: CNA
![](/images/hjghjghjhjfhgj.jpg#joomlaImage://local-images/hjghjghjhjfhgj.jpg)
- By CNI
- Category: အားကစား
- Hits: 1416
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၃
စိန့်ပေါ်လီအသင်းဟာ အိုစနာဘရုခ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ၁၃ နှစ်ကြာ ဝေးကွာနေတဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီ ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲပြီးဆုံးဖို့ ၁ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ စိန့်ပေါ်လီအသင်းဟာ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ဒူဆယ်ဒေါ့ဖ်အသင်းကို ၆ မှတ်ဖြတ်ထားပြီး အဆင့် ၁ နေရာမှာ ဦးဆောင်နေတာပါ။
အဲဒါကြောင့် စိန့်ပေါ်လီအသင်းဟာ ၁၃ နှစ်ကြာ ဝေးကွာနေတဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲကို တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ စိန့်ပေါ်လီအသင်း ပရိသတ် အများအပြားဟာ ကွင်းအတွင်း ဝင်ရောက်ကာ ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
စိန့်ပေါ်လီအသင်း ပရိသတ်တွေကိုတွေ့ရစဉ်
စိန့်ပေါ်လီအသင်းနည်းပြ ဖာဘီယန်က “အသင်းအတွက်ရော တစ်မြို့လုံးအတွက်ပါ ကျနော် ပျော်ရွှင်ပါတယ်။ ကျနော်တို့ လိုချင်တဲ့အရာကို ရယူနိုင်ခဲ့ပါပြီ။ ဒီအသင်းကို နည်းပြခွင့်ရတဲ့ အတွက်လည်း ကျနော် အလွန်ပျော်ရွှင် ပါတယ်။ အောင်မြင်မှုဆိုတာ ပြင်းပြင်းထန်ထန် ကြိုးစားမှုကနေ လာတာပါ”လို့ ပြောခဲ့ပါတယ်။
စိန့်ပေါ်လီအသင်းနဲ့အတူ လာမယ့်ရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲကို ဟိုလ်စတိန်းကီရယ်လ်အသင်းလည်း တန်းတက် နိုင်ခဲ့တာပါ။
စိန့်ပေါ်လီအသင်းဟာ ဒီရာသီ နောက်ဆုံးပွဲစဉ်အဖြစ် ဝီစ်ဘာဒန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နိုင်ပွဲရယူနိုင်ခဲ့ရင် ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်မှာ ဖြစ်ပါတယ်။
အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ဒူဆယ်ဒေါ့ဖ်အသင်းကတော့ လာမယ့်ရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲထံ တန်းတက် နိုင်ဖို့အတွက် ဘွန်ဒက်လီဂါအဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့အသင်းနဲ့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
လက်ရှိအချိန်မှာ ယူနီယံဘာလင်အသင်းက အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပလေးအော့ဖ်ပွဲစဉ် တွေကိုတော့ မေလ ၂၃ ရက်နဲ့ ၂၇ ရက်မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: AP