CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံရှိ MOU ၄ နှစ်ပြည့်သည့် မြန်မာလုပ်သားများအတွက် U-Turn စနစ်ဖြင့် ထိုင်းသို့ ရက်တိုတို အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးသည် အချိန်ကာလအားဖြင့် ၄ ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

၎င်းအစီအစဉ်အား ယနေ့ စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အလုပ်သမားအေဂျင်စီတို့ ၏ ရုံးလုပ်ငန်းများ ပြီးစီးပါက MOU လုပ်သားများသည် ၃ ရက် သို့မဟုတ် ၄ ရက်သာ အချိန်ပေးခြင်းဖြင့် အချိန်တို ငွေကုန်ကျမှု သက်သာစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ သံရုံး၏ ထုတ်ပြန်ချက်အတိုင်း အချိန် ၄ ရက်ခန့်ဖြင့် ထိုင်းသို့ ပြန်လည်ဝင်ရောက်နိုင်မည်ဆိုပါက ကောင်းမွန်ကြောင်း Labour Rights Foundation မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

“အစိုးရလုပ်ငန်းစဉ်ဆိုတာ အဲဒီလိုမဟုတ်ဘူး။ ငွေကြေးကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ စကားလုံးကို သုံးတာထက်စာရင် ထိုင်းနိုင်ငံကလုပ်တဲ့ပုံစံမျိုး သွေးစစ်တယ်၊ စစ်ပြီးရင် ဘောက်ချာ ၅၀၀ ထွက်လာ မယ်။ လ.ဝ.ကမှာ ဗီဇာသွားထုမယ်၊ ဘယ်လောက်ကုန်ကျတယ်ဆိုတာကို ဘောက်ချာ ချက်ချင်းပေးရတယ်။ ပြီး ရင် အလုပ်သမားဝန်ကြီးဌာနက အလုပ်လုပ်ခွင့်လက်မှတ် သွားလုပ်တယ်ဆိုလည်း ဘောက်ချာတန်း ထွက်တယ်။ အဲဒါမျိုးတွေနဲ့ ဘောက်ချာစနစ်တကျနဲ့ စနစ်တကျနဲ့ မှန်ကန်စွာ အစိုးရက ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ထောက်ပြ ခြင်းဖြစ်ပါတယ်။ MOU process ကလည်း အလုပ်သမားတွေ ကိုယ်တိုင်သိတယ်။ ရက် ၆၀ နဲ့လည်း မပြီးဘူး။ ရက် ၉၀ နဲ့လည်း မပြီးဘူးဆိုတော့ အဲဒီလောက်အကြာကြီး မြန်မာပြည် ဆိုးရွားတဲ့ အခြေအနေကြားမှာ သွားမနေချင် တဲ့အတွက်ကြောင့် မပြန်ချင်တဲ့ လုပ်သားတွေကို အဲဒီလိုမျိုး ပြန်စရာမလိုတော့ဘူး နယ်စပ်ဒေသမြို့လေး တစ်မြို့ မှာပဲ သွားရမယ်။ လုပ်ငန်းစဉ်ကို အစောတလျင် မြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးမယ် ဆိုတဲ့အခါကျတော့ လုပ်သားတွေက အဲဒါဆိုရင် ပြန်မယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ လုပ်သားတွေကလည်း ဒီအခွင့်အရေးကို စောင့် ဆိုင်းနေတာ အင်မတန်ကြာပြီလို့ သုံးသပ်တယ်” ဟု ၎င်းက ပြောသည်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုကိုတွေ့ရစဉ်

ယခင်က MOU ၄ နှစ်ပြည့်များသည် U-Turn စနစ်ဖြင့် ထိုင်းသို့ ပြန်လည်ဝင်ရောက်ရေးအတွက် ရန်ကုန်သို့ပြန်၍ လုပ်ငန်းစဉ်များအား ဆောင်ရွက်ရခြင်းဖြစ်ပြီး အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ ဖြစ်ခဲ့သည်။

ယခုအခါတွင် ရန်ကုန်သို့ ပြန်ရန်မလိုအပ်တော့ဘဲ မြဝတီမြို့၌ တစ်ရက်လျှင် မြန်မာလုပ်သား ၇၀၀ ခန့်၊ ကော့သောင်းမြို့၌ ၃၀၀ ခန့်အား နေ့ချင်းပြီး U-Turn ပြုလုပ်ပေးရေး စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် အမည်ပျက်စာရင်း(Blacklist) ဝင်သွားသည့် ကုမ္ပဏီများမှ ပို့ဆောင်ထားသော MOU လုပ်သားများ အနေဖြင့်လည်း အလုပ်ရှင်နှင့် ၎င်း MOU လုပ်သား၏ သဘောဆန္ဒအတိုင်း အခြားကုမ္ပဏီတစ်ခုသို့ အမည်သွင်း၍ U-Turn ပြုလုပ်နိုင်သည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဒီဘက်မှာရောက်နေတဲ့ အလုပ်သမားတွေက လုပ်မလား၊ မလုပ် မလား သိပ်မကျိန်းသေဘူး။  မသိဘူး။ မသိဘူးဆိုတာက ဥပမာ မောင်ဖြူကုမ္ပဏီက Blacklist ဖြစ်သွားတယ်။ အဲဒါဆိုတော့ ဒီအလုပ်သမားက မောင်မဲဆိုတဲ့ ကုမ္ပဏီကို ရှာရမယ်။ အဲဒီအဆင့်အထိကို အလုပ်သမားက လုပ်နိုင် မှ။ ဒီဟာတွေက ဘာလဲဆိုတော့ ဗမာပြည်ကုမ္ပဏီတွေကကြတော့ ပြန်ပြီးတော့ ဆက်သွယ်လုပ်ကိုင် ရဦးမှာကို။ ဒါပေမဲ့ တချို့တွေတော့လည်း ရှိတော့ရှိမှာပေါ့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ်။ ဒီနေရာမှာ  အဆင်မပြေဘူးဆိုရင် နောက် ဘယ်ဟာနဲ့လုပ်မလဲဆိုတဲ့ဟာ ရှိကောင်းရှိမယ်။ အစကနေပြန်ပြီး အဲဒီလို အသစ်လိုမျိုး ကုမ္ပဏီအသစ်၊ အေဂျင်စီအသစ်နဲ့ ပြန်လုပ်ဖို့က ဒီဘက်မှာ ရောက်နှင့်နေပြီးသား လူတွေအတွက် တော်တော်လေး အခက်အခဲ ရှိမယ်။ ကုန်ကျစရိတ် ကျတော့လည်း သူကလည်း အစကနေပြန်ပြီးတော့ ကုမ္ပဏီအသစ်နဲ့ အစကနေ ပြန်လုပ် ရတယ် ဆိုပိုပြီးများနိုင်တယ်။ အဲဒီလို ဘယ်နှစ်ယောက် လုပ်မလဲပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာအလုပ်သမားများကိုတွေ့ရစဉ် 

လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် သက်တမ်းပြည့် MOU မြန်မာလုပ်သားများထဲ၌ MOU လုပ်ငန်းစဉ် အား ပယ်ဖျက်ပြီး အလုပ်လုပ်ခွင့် လက်မှတ်(ဘတ်ပန်းရောက်ကဒ်)များ ပြောင်းလဲပြုလုပ်၍ နေထိုင် အလုပ်လုပ် ကိုင် နေကြသူများ ရှိသည်။

ထို့ကြောင့် မြဝတီနှင့် ကော့သောင်းမြို့ ၂ ခုတွင် ယနေ့ စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ပြုလုပ်ပေးသွားမည့် U-Turn စနစ်အား MOU လုပ်သားများ၏ သွားရောက် လုပ်ဆောင်မှု အခြေအနေနှင့် ၎င်းတို့ဘက်မှ ဆောင်ရွက်ပေးမှု အခြေအနေများအား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ‌ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ များက သုံးသပ်ကြသည်။