CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံတွင် PJ(Passport for Job)၊ PS(Passport for Seamen) နိုင်ငံကူးလက်မှတ်စာအုပ်အသစ်ပြုလုပ် ပါကလည်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် လိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနနှင့်     မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးမှ သိရသည်။

ယခင်က PJ၊ PS နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးလိုသူများသည် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုးလုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

စာအုပ်အသစ်ပြုလုပ်သည့်သူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အခွန်ကင်းရှင်းကြောင်း မလွဲမသွေ လိုအပ်သည်ဟု ဆိုပါက အခွန်ကင်းရှင်းကြောင်းအား မိမိသက်ဆိုင်ရာ နယ်မြေရှိ အခွန်ဦးစီးဌာန၌ ရယူရမည်ဖြစ်ကြောင်း အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲမှ သိရသည်။

အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “ကျမတို့ အမိန့်စာထုတ်ထားတဲ့အထဲမှာတော့ PJ နဲ့ PS က လိုကိုလိုတယ်။ တစ်ခါမှမသွားရသေးဘူး အခုမှ အသစ်သွားမယ်ဆိုရင်တော့ သွားမယ့်နိုင်ငံအပေါ်မှာ မူတည်ပြီးတော့ သွားမယ့်နိုင်ငံရဲ့ အခြေခံလစာအပေါ်မှာ ခန့်မှန်းတွက်ချက်ပြီးတော့ သူက ၁.၁၀.၂၀၂၃ ကနေ ၃၁.၃.၂၀၂၄ အတွက် ကြိုတင်ငွေလေးကို ထပ်မံပြီးတော့ ကောက်မှာပေါ့။ ကောက်ပြီးတော့မှ ကင်းရှင်း ကြောင်းလေး ထုတ်ပေးမှာ။ အခုမှသွားမှာမှန်တယ်။ အကျုံးဝင်တာက ဒီအမိန့်ကြော်ငြာစာက ၁ ရက် ၁၀ လကနေ စလိုက်တာဆိုတော့ အခု ဒီဘဏ္ဍာနှစ်ထဲမှာဆိုရင် ၆ လတာကာလအကျုံးဝင်တယ်ပေါ့လေ။ အဲဒါကို ကြိုတင်ငွေလေးကောက်မှာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ အတည်ပြုမေးမြန်းရာတွင် PJ နိုင်ငံကူးလက်မှတ် စာအုပ်အသစ်ပြုလုပ်ပါက အခွန်ကင်းရှင်းကြောင်း လိုအပ်သည်ဟု အတည်ပြုသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး

လက်ရှိတွင် အခွန်ကင်းရှင်းကြောင်းလိုအပ်သည့် နိုင်ငံကူးလက်မှတ်အမျိုးအစားများမှာ PJ၊ PS  နှစ်မျိုးသာ သတ်မှတ်ထားသေးကြောင်း၊ အခြားနိုင်ငံကူးလက်မှတ်အမျိုးအစားများ မပါဝင်သေးကြောင်းနှင့် PV မှ PJ ပြောင်းပါကလည်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် လိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ထိုသို့ အခွန်ကင်းရှင်းကြောင်း လျှောက်ထားရာတွင် သွားရောက်မည့် နိုင်ငံမှရရှိမည့် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၆ လစာကို ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ပြီး ကြိုတင်ဝင်ငွေခွန် ပေးဆောင်သွားရမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက  “ဒီ ပြည်သူဟာ ဘယ်နိုင်ငံကို သွားမှာလဲ။ ဘယ်လိုပုံစံ အလုပ်သွားလုပ်မှာလဲ။ တစ်ဖက်ကရော အလုပ်ရှင်သူဋ္ဌေးနဲ့ သူနဲ့ အဆင်ပြေပါ့မလား ဒါတွေကို ကြည့်ရမှာပေါ့။ ပြည်ပထွက်ခွာမယ့်သူတွေရော၊ ပြည်ပမထွက်သေးမယ့် နိုင်ငံကူးလက်မှတ်ကို ကြိုတင် လုပ်ထားတာတွေရော တရင်းတနှီးကြီး အခွန်ဆောင်ရမှာဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအတွက် ပိုမိုပြီးတော့မှ အခက်တွေ့လာနိုင်စရာ အကြောင်းရှိသလို နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကနေပြီးတော့ ငွေကြေး တစ်စုံတစ်ရာ ရလိုမှု လမ်းသစ်ကို တီထွင်လိုက်တယ်လို့ မြင်တယ်” ဟု CNI  သတင်းဌာနသို့ ပြောသည်။

အခွန်ကင်းရှင်း‌ကြောင်း ထောက်ခံချက်ယူရာတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် QR code ကျထားပါက ၎င်း အထောက်အထားနှင့်အတူ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ မိမိကိုယ်တိုင်မဟုတ်ဘဲ အခြားလူပုဂ္ဂိုလ်အား ကိုယ်စားပြုလုပ်ခိုင်းမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာ၊ ပြည်ပအလုပ်ခေါ်စာတို့ လိုအပ်ကြောင်း သိရသည်။

ထို့အပြင် သင်္ဘောသားဖြစ်ပါက အလုပ်အတွက် ချုပ်ဆိုထားသည့် စာချုပ်၊ လစာအတွက် သ‌ဘောတူထားသည့် အထောက်အထား စသည်တို့ကို ပူးတွဲတင်ပြရမှာဖြစ်ပြီး အခွန်ရုံးမှ ထုတ်ပေးသည့် လျှောက်လွှာပုံစံကို ဖြည့်စွက် တင်ပြပေးရမည် ဖြစ်သည်။