CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၄

မြန်မာ - တရုတ် နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်သည့် နမ့်ခမ်း - နောင်တောင် နယ်စပ်ဂိတ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မည်သည့် သဘောတူညီချက်ဖြင့် ဖွင့်နေ လဲဆိုသည့်အပေါ်ကိုတော့ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများကြား မေးခွန်းထုတ်လျက်ရှိနေသည်။

နမ့်ခမ်း - နောင်တောင် နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တရုတ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဖွင့်လှစ်ထားခြင်း မဟုတ်ကြောင်း၊ ဒေသခံ ပြည်သူထူထု၏ စားဝတ်နေရေး အတွက်သာ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက  “နမ့်ခမ်း - နောင်တောင်မှာပေါ့နော် ကျမတို့လူမျိုး၊ တရုတ်ခွင့်ပြုချက်နဲ့ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖွင့်တာ မဟုတ်ပါဘူး။ အနားရွာမှာနေတဲ့ လူထုတွေ သွားလာလို့ရအောင် ပြည်သူလူထုရဲ့ စားဝတ်နေရေးအတွက် အသေး စားပဲ ရှိပါတယ်။ ကားအကြီးနဲ့ ရွှေလီမြစ်ကို ဖြတ်ပြီးတော့မှ သွားနေတာဖြစ်တယ်။ အများကြီးတော့ ကုန်သွယ် တာ မဟုတ်သေးဘူး။ တရားဝင် ပုံမှန်လည်ပတ်ဖို့ အတွက်ကျတော့ တရုတ်အစိုးရနဲ့ ညှိနှိုင်းရတာမျိုးတွေ ရှိတယ်။ ဒေသခံအတွက် လုပ်ဆောင်နိုင်တာပဲ ရှိသေးတယ်။ ဒီဟာသည် လုံးဝ ရှင်းရှင်းလင်း ဖြစ်သွားတဲ့ ကိစ္စမျိုး မဟုတ် ဘူး။ လူထုတွေလောက်ပဲ ဖွင့်ထားတာဖြစ်တယ်။ တရုတ်ကလည်း တရားဝင် ခွင့်ပြုပေးထားတာ မရှိသေးတဲ့ အတွက် ဒီကိစ္စကို ကျမတို့ ပြောဖို့ မရှိပါသေးဘူး” ဟု ပြောသည်။

နမ့်ခမ်းမြို့ကို တွေ့ရစဉ်

နမ့်ခမ်းနယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံကနေ အခြေခံ စားသောက်ကုန်နှင့် အိမ်ဆောက်ပစ္စည်းများကို တင်သွင်း နေသလို နမ့်ခမ်းမှတဆင့် ဒေသထွက် ကြံ၊ ပြောင်းဖူး၊ မီးသွေးနှင့် သတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိနေ ကြောင်း သိရသည်။

နမ့်ခမ်းဂိတ် ဖွင့်လှစ်ထားသော်လည်း မူဆယ်နှင့် တခြားသော ဒေသများမှ ဒေသခံများအနေဖြင့် သွားလာရန် မလွယ်ကူကြောင်း၊ တိုက်ပွဲကြောင့် ပျက်စီးပွားခဲ့ရသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် တံတားများသည် လက်ရှိအချိန်ထိ ပြင်ဆင်ထားခြင်း မရှိသည့်အတွက် ပြည်မမှ ကုန်စည်များ တင်ဆောင်ရန် မလွယ်ကူ ကြောင်း ကုန်သည်များက ပြောသည်။

နမ့်ခမ်းနယ်စပ်ဂိတ် ဖွင့်လှစ်မှုသည် နမ့်ခမ်း ဒေသခံများအတွက်သာ သက်ရောက်မှုရှိနေပြီး တခြားသော ဒေသခံ များအတွက် အဆင်ပြေစေရန် ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်နှင့် နန်းတော်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန် လိုအပ်သည်ဟု ကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

SSPP တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “လတ်တလော အဲဒီလမ်းမှာရှိတဲ့ သင့်သင့်လျှောက်ပတ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ရတာပေါ့။ လက်ရှိကတော့ အောက်ပိုင်းကတော့ ဘာမှလုပ်လို့ မရသေးဘူး။ ကြားထဲမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို ဘယ်လို ညှိနှိုင်းမလဲ။ လားရှိုးကနေ ကျော်သွားတာနဲ့ တပြိုင်နက် ရေပူဂိတ်၊ ရေပူဂိတ်ကျော်တာနဲ့ သိန္နီ၊ ကွတ်ခိုင် ဘယ်လို ညှိနှိုင်းကြမလဲ ဒါတွေကို။ အဲဒါတွေ အဆင်ပြေပြီဆိုမှ သည်လမ်းတွေ လုံခြုံချောမွေ့စွာ သွားလို့ရမှာလေ။ အဲဒီ နမ့်ခမ်းဂိတ်ကို ဖြတ်ဖို့ မလွယ်ဘူး မူဆယ်ကလူက။ ဘာလို့ဆို မူဆယ်ကသွားရင် နမ့်ခမ်းကို သွားရမယ်။ နမ့်ခမ်း သွားရင် နမ့်ခမ်းသည် တအာင်းထိန်းထားတဲ့ နယ်မြေ။ အဲဒီအခါကျတော့ အဲဒီနယ်မှာ လုံလုံခြုံခြုံသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မူဆယ်ကလူတွေလည်း မသွားဘူး။ မသွားတဲ့အတွက် ဒါက သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ပဲ သွားကြမှာ။ တကယ်တမ်း ဖွင့်မယ်ဆိုရင် ဆင်ဖြူဂိတ်ရှိတယ်။ မန့်ဝိန်းဂိတ်ရှိတယ်၊ နန်းတော်ဂိတ်ရှိတယ် အဲဒီ ဂိတ်တွေ ဖွင့်ရမှာ” ဟု ပြောသည်။

လက်ရှိ TNLA ဖွင့်လှစ်လိုက်သည့် နမ့်ခမ်း - နောင်တောင် နယ်စပ်ဂိတ်နေရာ၌ ပြီးခဲ့သည့်လက ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP)မှ အခွန်ကောက်ခံမှုများ ရှိနေသည့်အတွက် ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး TNLA နှင့် SSPP ကြား မည်ကဲ့သို့ ညှိနှိုင်းထားသည်ကိုတော့ မသိရပေ။

ထို့အပြင် နမ့်ခမ်းမြို့နယ်အတွင်းမှာ TNLA နှင့် SSPP ကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသလို အုပ်ချုပ်ရေး အားပြိုင်မှုများလည်း ဖြစ်ပွားလျက်ရှိသည်။