CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၇

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားနယ်စပ် ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့မှုများကို တရုတ်နိုင်ငံက လက်ရှိတွင် ပိတ်လိုက်ပြီဖြစ်ကြောင်း ဖရဲကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံက ရာသီပေါ်သီးနှံဖြစ်သည့် သရက်သီးနှင့် ကြံများကို အချိန်မှီ ဝယ်ယူနိုင်ရန်အတွက် ဖရဲတင်ပို့မှုအား ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိတွင် မြန်မာ့ဖရဲရာသီလည်း ကုန်နေပြီဖြစ်ကြောင်း ဖရဲကုန် သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မိုင်းလားက အခုလောလောဆယ် ဖရဲသီးကတော့ သူတို့ ရက်အကန့်အသတ်နဲ့ ပိတ်လိုက်ပြီလေ။ ဒီဟာက အစောပိုင်းကတည်းက သူတို့ ရက်သတ်မှတ်ပြီးတော့ ကြေညာထားတယ်လေ ဖရဲကို ဒီရက်ဒီရက်တွေမှာ၊ သူတို့ နောက်ထပ် ၅ ရက်၊ တစ်ပတ် ထပ်တောင်းထားလို့ ဖွင့်နေတာလေ။ ပိတ်တာကတော့ အခုလက်ရှိက ဖရဲလည်း မရှိတော့ပါဘူး၊ ကုန်သလောက်ဖြစ်သွားပြီ ရာသီက။ သူက အဓိကက ဝင်ပေါက်မှာ Traffic ဖြစ်မှာကြောက်လို့ သရက်သီးမှာ တရုတ်က green line ပေးထားတာ။ ဒီမှာက ရာသီပေါ် ကြံတို့ အဓိက သွင်းဖို့ပဲ ကားသွားပိတ်နေမှာ စိုးလို့လေ” ဟု ပြောသည်။

မြန်မာ့သရက်သီးများကို တွေ့ရစဉ်

ယခုနှစ် ဖရဲရာသီတွင် လမ်းကြောင်းအခက်အခဲနှင့် ကုန်တင်ကားခစရိတ် အဆမတန် ကြီးမြင့်ခြင်းကြောင့် ဖရဲကုန်သည်များနှင့် တောင်သူများအနေဖြင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ထို့နောက် လက်ရှိတွင် တရုတ်နိုင်ငံသို့ ဖရဲတင်ပို့မှု ရပ်နားသွားပြီ ဖြစ်သည့်အတွက် ရာသီပေါ်သီးနှံဖြစ်သည့် သရက်တင်ပို့မှု ပို၍အဆင်ပြေလာကြောင်း၊ ကုန်တင်ကား ငှားရမ်းခများလည်း ထက်ဝက်ခန့် သက်သာသွား သည်ဟု ခွါညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနှစ် ဖရဲသီးဈေးကွက် မကောင်းခဲ့ပါဘူး။ ဖရဲသီးဈေးကွက်ကတော့ အကျအဆုံး များစွာနဲ့ ပြီးသွားတာပေါ့ နော်။ အဆုံးရှုံးများစွာနဲ့ ပြီးသွားတာပေါ့။ အဆုံးရှုံး ဘယ်လောက်ရှိလဲဆိုတာတော့ မသိဘူးလေ။ ပုံမှန်အားဖြင့် တော့ ရှုံးကြတယ်၊ မကိုက်ဘူး၊ စရိတ်ကြီးတယ်၊ လမ်းကြောင်းဝေးတယ်။ ဖရဲကားတွေ ပါးသွားတော့ သရက်က ပိုကောင်းသွားတာပေါ့။ ကားခ နည်းနည်း သက်သာတယ်။ ကားခ တစ်ဝက်လောက်  ကားခ ၁၂၀၊ ၁၃၀ ကနေ ၆၀၊ ၄၀ ဖြစ်သွားပြီလေ။ သရက်သီး အလားအလာကတော့ ကောင်းမှာပါ။ ဘာလို့ဆို သရက်သီး အထွက်နည်းတယ် လေ။ ဘယ်သူမှ သိပ်မလုပ်ထားကြဘူးလေ လမ်းကြောင်း အခြေအနေနဲ့ဆိုတော့။ အများကြီးလည်း မတင်ပို့နိုင် ဘူး။ ၁ ရက်ကို ၂ စီး၊ ၃ စီး၊ တန်ချိန်အားဖြင့်ကတော့ ၁ ရက်ကို တန် ၃၀ - ၅၀ ကြားပဲ ပို့လို့ရတယ်” ဟု ပြောသည်။

 ဖရဲသီးကားများကို တွေ့ရစဉ်

ယခင်က ဖရဲသီးကို ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ကုန်သွယ်ရေးမှတဆင့် အဓိက တင်ပို့လျက်ရှိသော်လည်း ယခုနှစ်တွင် ရှမ်းမြောက်တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားနယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ထိုလမ်းကြောင်းသည် အချိန်ကြန့်ကြာမှုများ ရှိသည့်အပြင် ကုန်တင်ကားခ ငှားရမ်းရသည့် ဈေးနှုန်း လည်း အဆမတန် ကြီးမြင့်သည့်အတွက် ဖရဲကုန်သည်များနှင့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ဖရဲသီးကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိနေပြီး နှစ်စဉ် အောက်တိုဘာလမှ မေလအထိ တင်ပို့လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဖရဲသီး တန်ချိန် ၁ သိန်းကျော် တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။