CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၇

အမျိုးသားလုပ်သားများအပေါ်  မေလ ၁ ရက်နေ့မှစတင်ကာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ကန့်သတ်ချက်များ ရှိလာခြင်းကြောင့် တရားမဝင် နယ်စပ်ထွက်ခွာသည့် ဈေးကွက်နှင့် လူမှောင်ခိုကူးသော ဈေးကွက်များ ပိုမိုကြီး ထွားလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြော သည်။

ပြည်ပထွက်ခွာ အလုပ်လုပ်မည့် အမျိုးသားလုပ်သားများထဲ၌ အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်းရှိ အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ထားခြင်း ဖြစ်သည်။

တရားဝင် လုပ်သားစေလွှတ်သည့် လုပ်ငန်းအပေါ် ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းကြောင့် တရားမဝင်ဈေးကွက် ပိုမိုကျယ်ပြန့်လာနိုင်ကာ တရားဝင်အေဂျင်စီများအနေဖြင့် ရရှိသော လုပ်သားဦးရေမှာ ယခင်ကထက် နည်းပါး သွားနိုင်သောကြောင့် တရားမဝင်ဘက်သို့ အသွင်ကူးပြောင်းလာနိုင်ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “တရားမှုတွေကို ကန့်သတ်လိုက်တဲ့ အခါကြတော့ မတရားမှုတွေက ပိုပြီးတော့ ဈေးကွက်သဖွယ် ဖြစ်လာ တယ်။ ဈေးကွက်မှာ တစ်ခါ ရိုးရိုးမဟုတ်ဘူး။ တရားမဝင်တာကို အကြောင်းပြပြီးမှ တရားဝင်လိုလို၊ တရားမဝင် လိုလို ပုံစံမျိုး ဈေးကွက်တွေက ပိုများလာနိုင်တယ်။ ကုန်ကျစရိတ်တွေ ပိုများလာနိုင်လာတို့၊ နည်းလမ်းပေါင်းစုံနဲ့ ခြိမ်းခြောက်တာမျိုးတို့၊ တရားဝင်လုပ်နေတဲ့ ပွဲစားကရော တရားမဝင်အဖြစ် သွားနိုင်တယ်။ တရားမဝင် လုပ်နေ  တဲ့ ပွဲစားတွေကလည်း တရားမဝင်ထက် ပိုပြီးတော့ လုပ်နိုင်တယ်။ ဆိုတဲ့အဓိပ္ပါယ်က သူတို့ရဲ့ ဈေးကွက် တစ်ခုလို ဖြစ်သွားတာပေါ့။ တရားမဝင်လုပ်နေတဲ့ လူတွေရဲ့ ဈေးကွက်လည်း ဖြစ်သွားနိုင်တယ်။ တချို့က တရားဝင် လုပ်နေပေမယ့် တရားဝင်လမ်းကိုသွားမယ်ဆိုရင် သူ့မှာ လူဦးရေနည်းသွားနိုင်တယ်။ တရားဝင် နည်းလမ်းကို မသွားဘဲ တရားမဝင်နည်းလမ်းကို သွားမယ်ဆို လူဦးရေတွေ များနိုင်တယ်၊ ပိုက်ဆံတွေ ပိုများလာနိုင်တယ် ဆိုပြီး တော့ တရားဝင်လုပ်နေတဲ့ အေဂျင်စီတွေကလည်း တရားမဝင် အေဂျင်စီဘက်ကို ရောက်သွားနိုင်တယ်” ဟု ပြောသည်။ 

 ပြည်ပထွက်သွားသည့် အလုပ်သမားများကိုတွေ့ရစဉ်

မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာချင်သူ များပြားမှုကြောင့် တရားဝင် လုပ်သား စေလွှတ်သည့် လုပ်ငန်းအပေါ် ကန့်သတ်မှုမရှိခင် ကာလကတည်းက တရားမဝင် လမ်းကြောင်းများဖြင့် အိမ်နီးချင်း နိုင်ငံများသို့ ခိုးဝင်မှုသည် နေ့စဉ်နှင့်အမျှ ရှိနေခြင်းဖြစ်သည်။

သို့သော် ယခုကဲ့သို့ ကန့်သတ်မှုများ ပြုလုပ်လိုက်သည့်အတွက် မည်သည့် နည်းလမ်းဖြင့်မဆို ပြည်ပထွက်ခွာခွင့် ရရန် လုပ်ဆောင်လာကြမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက သုံးသပ် သည်။

ထိုအခြေအနေ၌ အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသများတွင်လည်း လုံခြုံရေးမှာ ယခင်ထက် ပိုမိုတင်းကြပ် ချထားကြသောကြောင့် တရားမဝင် နယ်စပ်လမ်းကြောင်းမှ ဝင်ရောက်ရေးမှာ ယခင်ထက် လွယ်ကူမည် မဟုတ် ကြောင်း မလေးရှားအခြေစိုက် ရခိုင်ဒုက္ခသည်များဗဟို(CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပထွက်မည့် အလုပ်သမားများကိုတွေ့ရစဉ်

၎င်းက “လူမှောင်ခိုကူးတဲ့ ဂိုဏ်းတွေပေါ့ သူတို့အတွက်ကတော့ အခွင့်အရေး ဖြစ်သွားမယ်။ နယ်စပ်ပိုင်းတွေမှာ ပိတ်ဆို့ မှုတွေ ရှိတယ်။ အရင်ထက်စာရင် ကင်းလှည့်တာတို့၊ ပိတ်ဆို့တာတို့၊ ဖမ်းဆီးတာတို့ရှိတယ်။ ဒါပေမယ့် လည်း ဒါက ဂိုဏ်းကြီးဖြစ်နေတာလေ။ ဒါက တစ်နှစ်တစ်နှစ်ကို လည်ပတ်ငွေက ဒေါ်လာ သန်းပေါင်း များစွာ ရှိတယ်။ ဆိုတော့ ဒီလာဘ်စားမှုနဲ့ လာဘ်ထိုးမှုနဲ့ ဒီဥစ္စာကလည်ပတ်နေတာ ဆယ်စုနှစ် နှစ်စုလောက် ရှိပြီဆိုတော့ ဒါကို အလွယ်တကူ ရပ်တန့်ဖို့ကတော့သိပ်တော့ မလွယ်လှဘူးထင်တယ်။ ဒီအတိုင်းပဲ ရှိနေဦးမှာ အဖမ်းခံရတဲ့သူ တွေလည်းရှိမယ်၊ ရောက်သွားတဲ့ သူတွေလည်း ရှိမယ်။ အများစုကတော့ ရောက်သွားမယ်၊ အနည်းစုကတော့ အဖမ်းခံရမယ်” ဟု ပြောသည်။

ပြည်ပထွက်ခွာခွင့် ကိစ္စရပ်များ ပိုမိုအချိန်ယူ စိစစ်နိုင်ရန်နှင့် အခြား အခြေအနေများအရ အမျိုးသားများ ပြည်ပ ထွက်ခွာ အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခြင်းဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် ပြည်ပအလုပ်ခေါ်စာများ ပြန်လည်လက်ခံနေသော်လည်း အသက်ကန့်သတ်ချက်ဖြင့် လက်ခံနေခြင်းဖြစ်သည်။

ထိုသို့ ကန့်သတ်မှုများ ပြုလုပ်မည့်အစား တိုင်းပြည်အတွင်း အလုပ်အကိုင် ရရှိရေးအတွက် စဉ်းစား ဆောင်ရွက် သင့်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက ထောက်ပြကြသည်။