CNI International News

၂၀၂၄ ခုနှစ်၊ မေလ ၁၈

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေးအတွက်  မြန်မာ့တပ်မတော်က ရုရှားကို ရွေးချယ်ခဲ့သည်။

ထို့ကြောင့် တရုတ်ကို ဒေါသထွက်စေခဲ့ပြီး ထိုင်းနယ်စပ် အနီးတွင်လည်း ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် စီစဉ်နေသည်ဟု Construction World သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော်သည် ရေနံချက်စက်ရုံတစ်ခု အပါအဝင် အထူးစီးပွားရေးဇုန်တစ်ခု ထူထောင်ရေးနှင့်အတူ ဆိပ်ကမ်း ပရောဂျက်တွင် ရုရှား၏ ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် စိတ်ဝင်စားလျက်ရှိသည်ဟု ထိုဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

တရုတ်သည် ယခင်က ထားဝယ်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် လေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း အိန္ဒိယက တည်ဆောက်ခဲ့သည့် စစ်တွေ ဆိပ်ကမ်းအနီးတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်မှုကိုသာ အာရုံစိုက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပူတင်ကို တွေ့ရစဉ်

မည်သို့ပင်ဆိုစေ မြန်မာ့တပ်မတော်က ရုရှားကို ရွေးချယ်ခဲ့သည့်အတွက် တရုတ်က ကျေနပ်မှုမရှိခဲ့ကြောင်း ထိုအကြောင်းအရာနှင့်နီးစပ်သည့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထားဝယ်ဆိပ်ကမ်း တည်ဆောက်ရေး အစီအစဉ်သည် အန်ဒမန်ပင်လယ် (Andaman Sea) တစ်လျှောက် မြန်မာ့အရှေ့ပိုင်း ကမ်းရိုးတန်းပေါ်ရှိ တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ ပါဝင်သည့် မဟာမဲခေါင်ဒေသခွဲ (GMS) အတွက် ဝင်ပေါက်တစ်ခုသဖွယ် ဖြစ်စေမည် ဖြစ်သည်။

ဘန်ကောက်(ထိုင်း)သည် ထားဝယ်မှ ကီလိုမီတာ ၃၀၀ အကွာအဝေးတွင်သာ တည်ရှိသဖြင့် ထိုဆိပ်ကမ်းသည် ထိုင်း၏ ကုန်သွယ်ရေးအတွက်လည်း အဓိကကျသည့် ဝင်ပေါက်တစ်ခု ဖြစ်လာနိုင်သည်။

မြန်မာ့တပ်မတော်သည် သယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိရန် အတွက် ရုရှားနှင့်ဆက်ဆံမှုကို ပိုမိုနီးစပ်စေရန် ရည်မှန်းထားချိန်၌ မြန်မာနှင့် ရုရှားအကြား ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး ဆွေးနွေးမှုများ ရှိနေသည်ဆိုသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်လမ်းကို တွေ့ရစဉ်

ထိုဆွေးနွေးမှုများတွင် ဆိပ်ကမ်းတည်ဆောက်ရေး အစီအစဉ်များနှင့်အတူ တစ်ရက်လျင် ရေနံ ၁၀၀,၀၀၀ ထုတ် လုပ်နိုင်မည့် ရေနံချက်စက်ရုံ တည်ဆောက်ရေး အစီအစဉ်လည်း ပါဝင်သည်။

မည်သို့ပင်ဆိုစေ မြန်မာ၏ ဆိပ်ကမ်းကဏ္ဍတွင် ရုရှား ပါဝင်လာမှုသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိ တရုတ်၏ စီမံကိန်းများကို ထိခိုက်စေမည့်အရေးကို တရုတ်က စိုးရိမ်နေသည်။

မြန်မာသည် ရုရှားနှင့် ဆက်ဆံမှု ပိုမိုတိုးတက်လာခြင်းသည် တရုတ်နှင့်ဆက်ဆံရေး မြင့်တက်မှုထက် ပိုမို ကောင်းမွန်သင့်တော်သည်ဟု အိန္ဒိယက ယူဆဖွယ်ရှိသည်။

အဘယ်ကြောင့်ဆိုသော် တရုတ်သည် မြန်မာနိုင်ငံတွင် သယံဇာတများကို ရယူရန်အတွက် ဘင်္ဂလား ပင်လယ်အော်ဒေသတွင် တရုတ်၏ တည်ရှိမှုကို ချဲ့ထွင်နေသည်ဟု အိန္ဒိယက ယူဆထားခြင်းကြောင့် ဖြစ်သည်။

ယခင်က အိန္ဒိယမှ မြန်မာကို ရောင်းချခဲ့သည့် ရေငုပ်သင်္ဘောများသည်လည်း ရုရှားလုပ် ရေငုပ်သင်္ဘောများ ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိုတွေ့ရစဉ်

ထို့ပြင် သီရိလင်္ကာတွင်လည်း အိန္ဒိယနှင့် ရုရှားကုမ္ပဏီများည် တရုတ်က ဦးဆောင်သည့် ဟမ်ဘန်တိုတာ (Hambantota) ဆိပ်ကမ်းအနီးတွင် လေဆိပ်တစ်ခုကို အကျိုးတူပူးပေါင်းပြီး စီမံခန့်ခွဲလျက်ရှိသည်။

မတ်လ အစောပိုင်းကလည်း မြန်မာ့တပ်မတော်သည် တရုတ်အပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းနေပြီး စစ်ရေး အထောက်အပံ့များ၊ အခြေခံ အဆောက်အအုံများနှင့် စွမ်းအင် စီမံကိန်းများကို ချဲ့ထွင်ရန် ရုရှားနှင့် ဆက်ဆံရေးကို ချဲ့ထွင်ရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

မကြာသေးမီကလည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ကံဇော်သည် ဆိပ်ကမ်းများ တည်ဆောက်ရန် အခွင့်အလမ်းများ၊ အထူးစီးပွားရေးဇုန် ထူထောင်မှု၊ ရေနံချက်စက်ရုံ တည်ဆောက်ရေး၊ ၆၆၀ မဂ္ဂါဝပ် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ၃၃၀ မဂ္ဂါဝပ် နျူကလီးယား ဓာတ်အား ပေးစက်ရုံများ တည်ဆောက်ရေးတို့အတွက် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန် ရုရှားသို့ သွားရောက်ခဲ့ သည်။

Source: Construction World