CNI International News

နယူးဒေလီ၊ မေ ၁၈

လွန်ခဲ့သည့် ၉ နှစ်က အိန္ဒိယနှင့် အာဖရိကသမဂ္ဂအကြား ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့သော်လည်း လက်ရှိတွင် စက်မှုထိပ်သီးနိုင်ငံ (၂၀)မှာ အိန္ဒိယနှင့် အာဖရိကသမဂ္ဂ (AU) တို့ ပါဝင်လာမှုနှင့်အတူ ယခုနှစ်ကုန်ပိုင်း၌ စတုတ္ထ အကြိမ်မြောက်ဖိုရမ်(IAFS)ကို ကျင်းပရန် စီစဉ်ထားသည်ဟု The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အာဖရိကသမဂ္ဂမှ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြီးခဲ့သည့်လ အတွင်း တွေ့ဆုံခဲ့ပြီး အဆိုပါ ဖိုရမ်အတွက် ပြင်ဆင်မှုများ ဆွေးနွေးခဲ့သည်ဟု သံတမန် သတင်းအရင်းအမြစ် တစ်ခုက The Print ကို ပြောကြားခဲ့သည်။

IAFS သည် အာဖရိကသမဂ္ဂ လက်အောက်တွင် အာဖရိကတိုက်မှ နိုင်ငံပေါင်း ၅၄ နိုင်ငံနှင့် အိန္ဒိယအကြား နိုင်ငံရေး အင်စတီကျု ယန္တရားသဖွယ် ဖြစ်သည်။ 

နောက်ဆုံအကြိမ် IAFS ညီလာခံကို ၂၀၁၅ ခုနှစ်က နယူးဒေလီ (New Delhi) မြို့တော်တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင် ၄၀ ခန့် အပါအဝင် AU အဖွဲ့ဝင် ၅၄ နိုင်ငံစလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ယခုနှစ်အတွင်း ကျင်းပမည့် ဖိုရမ်ကိုလည်း အာဖရိကနိုင်ငံ အများအပြားမှ ခေါင်းဆောင်များ တက်ရောက်ဖွယ် ရှိသည်။

 အိန္ဒိယနဲ့အာဖရိက ဖိုရမ်ကို တွေ့ရစဉ်

ထိုဖိုရမ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ထိုဖိုရမ်ကို အီသီယိုပီးယားနိုင်ငံ၊ အဒစ် အဘာဘာ (Addis Ababa) မြို့တော်တွင် ပြုလုပ်ဖွယ်ရှိသည်။

အိန္ဒိယသည် အာဖရိကနှင့် ထိတွေ့ဆက်ဆံမှုကို နယ်ပယ် ၃ ခုတွင် အရှိန်မြှင့် လုပ်ဆောင်နေပြီး ထိုနယ်ပယ် သုံးခုမှာ သံတမန်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတို့ဖြစ်သည်။

၂၀၀၈ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) ဦးဆောင်သည့် အစိုးရအဖွဲ့သည် ထိုဖိုရမ်များကို ၃ နှစ်လျှင် တစ်ကြိမ် ကျင်းပရန် စီစဉ်ခဲ့သော်လည်း စတုတ္ထမြောက်ဖိုရမ်ကို ၂၀၂၀ ပြည့်နှစ်၌ ပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့သည်။

သို့သော်လည်း ထိုအချိန်က COVID-19 ကပ်ရောဂါ ဖြစ်ပွားခဲ့သဖြင့် ညီလာခံကို ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။

အိန္ဒိယနဲ့ အာဖရိက သံတမန်ဆက်ဆံရေးညွန်းပြနေစဉ်

“နောက်ဆုံးအကြိမ် အိန္ဒိယ-အာဖရိက ဖိုရမ်ညီလာခံကို နယူးဒေလီမှာ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ပထဝီနိုင်ငံရေး၊ စီးပွားရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးကိစ္စတွေဟာ တော်တော်ပြောင်းလဲသွား ခဲ့ပါတယ်။ အရင်ပြုလုပ်ခဲ့ဖူးတဲ့ ညီလာခံတွေရဲ့ အောင်မြင်မှုတွေအပေါ် အခြေခံပြီး တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာ့အခင်းအကျင်းမှာ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် စတုတ္တမြောက် ညီလာခံကို ပြုလုပ်သွားမှာ ဖြစ်ပါ တယ်”ဟု လေ့လာရေးသုတေသန ဖောင်ဒေးရှင်း (ORF) မှ ကျွမ်းကျင်သူ ဆာမီယာ ဘက်တာချာယာ (Samir Bhattacharya) က ပြောကြားခဲ့သည်။

အာဖရိကတိုက်သည် သယံဇာတများ ပေါကြွယ်ဝပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် မရှိသည့် စွမ်းအင်ကဏ္ဍတွင် အရင်းအမြစ်များစွာရှိသည်ဟု ဘက်တာချာယာက ပြောသည်။

၂၀၅၀ ပြည့်နှစ်တွင် အာဖရိကတိုက်၌ လူဦးရေ ၂ ဒသမ ၅ ဘီလျံ ရှိလာလိမ့်မည်ဟု ခန့်မှန်းထားပြီး လက်ရှိမှာ တော့ လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိနေကာ အာဖရိကတိုက်၏ စီးပွားရေးသည် ဒေါ်လာ ၃ ထရီလျံနီးပါး ရှိသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။

Source: The Print