CNI International News

ဘေကျင်း၊ မေလ ၁၈

ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် မေလ ၁၇ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် မဟာဗျူဟာမြောက် ခေတ်သစ်ထူထောင်ရန် ကတိပြုခဲ့ပြီးနောက် တရုတ်၏ အရှေ့မြောက်ဒေသရှိ ရုရှားနယ်စပ် အနီးတွင် ကုန်သွယ်ရေး မြှင့်တင်မှု၏ အရေးကြီးပုံကို အလေးထား ပြောဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပူတင်သည် ဟေလုံကျန်း (Heilongjiang) ပြည်နယ်၊ ဟာပင် (Harbin) မြို့သို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိ ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်မှုများကို လုပ်ဆောင်ခဲ့သည်။

ထို့နောက် ပူတင်သည် ရုရှား-တရုတ် ကုန်စည်ပြပွဲသို့ သွားရောက်ခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို တက်ရောက်ခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားကို အနောက်နိုင်ငံများက ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး အဆက်အသွယ် ဖြတ်တောက် ထားချိန်တွင် ပူတင်သည် စစ်ပွဲအတွက် လိုအပ်သည့် ဘဏ္ဍာရေး အခြေအနေအတွက် တရုတ်နှင့် ဆက်ဆံမှုများ တိုးမြှင့်ခဲ့သည်။

၎င်း၏ နိုင်ငံတော်ခရီးစဉ်အတွင်း ပူတင်နှင့် ရှီတို့သည် မေလ ၁၇ ရက်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လုံခြုံရေး ကဏ္ဍတွင် အမေရိကန်၏ လွှမ်းမိုးထားမှုကို တန်ပြန်ရန် နှစ်နိုင်ငံအကြား ခေတ်သစ်တစ်ခု ဖွင့်လှစ်သည့် ပူးတွဲ ထုတ်ပြန်ချက်မှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ပူတင်နဲ့ရှီကျင့်ဖျင်ကို တွေ့ရစဉ်

“လက်ရှိ တရုတ်-ရုရှား ဆက်ဆံရေးဟာ ခိုင်မာမှုရှိနေပြီး အဲဒီဆက်ဆံရေးကို အမြတ်တနိုး ထိန်းသိမ်းဖို့ လိုပါ တယ်”ဟု ရှီက ပူတင်ကို ပြောကြားခဲ့သည်။

“တရုတ်ဟာ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရရှိဖို့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပြီး ကမ္ဘာပေါ် မှာ တရားမျှတမှုကို ထိန်းသိမ်းဖို့ အတူတကွ လုပ်ဆောင်ချင်ပါတယ်” ဟု ရှီက ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းကို မကျူးကျော်မီ ရက်ပိုင်အလိုဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ပူတင်သည် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား အကန့်အသတ်မရှိသည့် မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့သည်။

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို ဒရုန်းများနှင့် ဒုံးကျည်နည်းပညာများ၊ ဂြိုဟ်တုဓာတ်ပုံများနှင့် စက်ယန္တရားများ ထောက်ပံ့ပေးနေသည်ဟု အမေရိကန်အရာရှိများက ပြီးခဲ့သည့်လအတွင်း ပြောကြားခဲ့ သော်လည်း တရုတ်ကမူ ရုရှားကို မည်သည့်လက်နက်မှ ထောက်ပံ့ပေးခြင်းမရှိကြောင်း ပြောကြားထားသည်။

အနောက်နိုင်ငံများ၏ ဖယ်ကြဉ်ထားမှုကြောင့် ရုရှားသည် တရုတ်နှင့်ကုန်သွယ်ရေးကို တိုးမြှင့်ခဲ့ပြီး ပြီးခဲ့သည့် နှစ်က နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးသည် ၂၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

Source: ရိုက်တာ